The network connection is lost.

Banner Image

တော့တင်ဟမ်ပွဲစဉ်ကိုကြည့်ရှုဖို့ မက်ဒရစ်မြေဆီ ရောက်ရှိနေတဲ့ ပိုချက်တီနို

အမေရိကန်အသင်းနည်းပြပိုချက်တီနိုက ဒီညမှာ သူ့ရဲ့အသင်းဟောင်းတော့တင်ဟမ်ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို ကြည့်ရှုသွားပါလိမ့်မယ်။

ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်အဖြစ် အက်သလက်တီကိုမက်ဒရစ်က တော့တင်ဟမ်ကို အိမ်ကွင်းမှာ လက်ခံကစားချိန် အာဂျင်တီးနားလူမျိုးနည်းပြပိုချက်တီနိုက မက်ထရိုပိုလီတာနိုကွင်းပွဲကြည့်စင်ပေါ်မှာ ရှိနေလိမ့်မယ်လို့ The Athletic သတင်းဌာနမှ ဖော်ပြခဲ့ပါတယ်။

အခုဘောလုံးရာသီမှာ တော့တင်ဟမ်ဆီ ပိုချက်တီနိုပြန်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဒီည၊ မက်ဒရစ်ကိုသွားရတဲ့ အာဂျင်တီးနားသားရဲ့အဓိကအကြောင်းရင်းကတော့ အက်သလက်တီကိုမက်ဒရစ်မှာ ကစားနေတဲ့ အမေရိကန်ကွင်းလယ်လူကာဒိုဆိုရဲ့ခြေစွမ်းကို စောင့်ကြည့်စစ်ဆေးဖို့ ဖြစ်ပါတယ်။

ထူးခြားချက်တစ်ခုကတော့ အခုပွဲစဉ်ကို အက်သလက်တီကိုမက်ဒရစ်ရဲ့အထူးဧည့်သည်တော်အဖြစ် ပိုချက်တီနိုကိုယ်တိုင် တက်ရောက်လာခြင်းပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့သီတင်းပတ်အတွင်း ပိုချက်တီနိုက "ကောလာဟလတွေကတော့ အမြဲရှိနေတာပါပဲ၊ ကျွန်တော်ကလည်း အသင်းတွေနဲ့ အမြဲသတင်းထွက်နေတတ်သူပါ။ တော့တင်ဟမ်တင်မက တစ်ချိန်တုန်းကဆိုရင် အက်စပန်ညို ဒါမှမဟုတ် အခြားအသင်းတွေနဲ့လည်း သတင်းထွက်ခဲ့ဖူးပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။

"လက်ရှိမှာတော့ ကျွန်တော်တို့က ကမ္ဘာ့ဖလားနဲ့ အမေရိကန်အသင်းအပေါ်မှာပဲ အာရုံစိုက်ထားပါတယ်။ ကျွန်တော့်ရဲ့စာချုပ်ကလည်း ကမ္ဘာ့ဖလားအပြီးအထိ ရှိနေတယ်ဆိုတော့ အဲ့ဒီနောက်ပိုင်းမှပဲ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။ အရာအားလုံးအတွက် လမ်းဖွင့်ထားပါတယ်၊ ဟုတ်တယ်မလား?" လို့ သူက ဆိုပါတယ်။