The network connection is lost.

Banner Image

ကာရစ်က ကံကောင်းနေတာလို့ ပြောဆိုလာပြန်တဲ့ ရွိုင်ကိန်း

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက သူ့ရဲ့ အသင်းဖော်ဟောင်း မိုက်ကယ်ကားရစ်ကို နောက်တစ်ကြိမ် ဝေဖန်တိုက်ခိုက်လိုက်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ပွဲမှာ ကားရစ်ရဲ့ ယူနိုက်တက်အသင်းဟာ အက်စတွန်ဗီလာကို ၃ ဂိုး ၁ ဂိုးနဲ့ အထင်ကြီးစရာကောင်းအောင် အနိုင်ယူနိုင်ခဲ့တာပါ။

ဒါပေမဲ့ ကားရစ်ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်သင့်သလားလို့ Sky Sports မှာ မေးမြန်းခဲ့ရာမှာတော့ ကိန်းက "ကျွန်တော်ကတော့ မခန့်ပါဘူး။ ဒီထက် ပိုကောင်းတဲ့ ရွေးချယ်စရာတွေ အများကြီးရှိနေသေးတယ်လို့ ထင်ပါတယ်" လို့ ဖြေကြားခဲ့ပါတယ်။

"သူ တာဝန်ယူခဲ့တဲ့ ပွဲစဉ်တွေမှာ အနိုင်ရအောင် လုပ်ပေးနိုင်ခဲ့တာကတော့ တကယ်ကို ကောင်းမွန်တဲ့ အလုပ်တစ်ခုပါ။ သူက အရာရာကို ရိုးရိုးရှင်းရှင်းပဲ လုပ်ဆောင်ခဲ့တာ ဖြစ်ပေမဲ့ အဲဒီပွဲစဉ်တွေက သူ့အတွက် သိပ်ပြီး စိုးရိမ်စရာ အခက်အခဲ မရှိခဲ့ပါဘူး။"

"ဒီပွဲတွေအတွက် ပြင်ဆင်ဖို့ သူတို့မှာ သုံးပတ်လောက် အချိန်ရခဲ့ကြတာလေ။ သူ တာဝန်ယူတဲ့ အချိန်ကလည်း အချိန်ကိုက် ဖြစ်သွားသလို သူလည်း တကယ်ကောင်းအောင် လုပ်နိုင်ခဲ့ပါတယ်။ သူ့ကို ကျွန်တော် အသိအမှတ်ပြုပါတယ်၊ တကယ်လို့ နွေရာသီမှာ သူသာ နည်းပြအဖြစ် အမြဲတမ်း ခန့်အပ်ခံရမယ်ဆိုရင်လည်း 'ကံကောင်းပါစေ' လို့ပဲ ဆုတောင်းပေးရမှာပေါ့။ ဒါပေမဲ့ မန်ယူရဲ့ နောက်ထပ်နည်းပြသစ်အတွက် ဒီထက် အများကြီး ပိုကောင်းတဲ့ ရွေးချယ်စရာတွေ ရှိနေပါသေးတယ်။"

"လွန်ခဲ့တဲ့ သုံးလလောက်ကသာ ကားရစ်ကို မန်ယူနည်းပြ ဖြစ်လာလိမ့်မယ်လို့ တစ်ယောက်ယောက်က ပြောခဲ့ရင် ခင်ဗျားကို အရူးလို့တောင် ထင်ကြမှာပါ။ ဘယ်သူကမှ သူ့ကို နည်းပြစာရင်းထဲ ထည့်တောင် စဉ်းစားခဲ့ကြတာ မဟုတ်ဘူး၊ ဒါပေမဲ့ အချိန်အခါ ကောင်းသွားတာကြောင့် သူ အခွင့်အရေး ရခဲ့ပြီး အခုတော့ အကောင်းဆုံး လုပ်ပြနေနိုင်တာ ဖြစ်ပါတယ်။"

ကိန်းက ဆက်လက်ပြီး "ပိုကောင်းတဲ့ ရွေးချယ်စရာတွေ ရှိနေတယ်ဆိုတာ ရှင်းပါတယ်။ ဒါပေမဲ့ သူ တကယ် ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်။ မန်ယူက အခုဆိုရင် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ သေချာနေပါပြီ၊ ဒါပေမဲ့ နည်းပြသစ် ခန့်အပ်ဖို့ ဆုံးဖြတ်ချက် ချတဲ့အခါမှာတော့ တခြားလူတွေကိုလည်း လူတွေ့စစ်ဆေးတာတွေ လုပ်ပြီး ဘယ်သူတွေ ရှိသလဲဆိုတာ ကြည့်ရဦးမှာပါ" လို့ ဆိုပါတယ်။

"ကစားသမား အများစုကတော့ ယာယီနည်းပြတွေကို သဘောကျတတ်ကြပါတယ်။ ဒါပေမဲ့ စာချုပ်ကိစ္စတွေ၊ ရာသီကြို ပြင်ဆင်မှုတွေ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ၊ ကစားသမား အပြောင်းအရွှေ့နဲ့ ခေါ်ယူမှုတွေအပေါ် ဆုံးဖြတ်ချက် ချရတဲ့အခါမှာတော့ တာဝန်ယူရတာချင်း မတူတော့ပါဘူး။"

"ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း သူ့ရဲ့အလုပ်က ပွဲစဉ်တွေ အနိုင်ရအောင် လုပ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါဟာ ဘယ်နည်းပြမဆို လုပ်ရမယ့် အလုပ်ဆိုပေမဲ့ သူ့မှာ တခြား အာရုံနောက်စရာတွေ မရှိခဲ့ဘူး။ သူ ကောင်းကောင်း လုပ်နိုင်ခဲ့တာကို ကျွန်တော် အသိအမှတ်ပြုပေမဲ့ အမြဲတမ်းနည်းပြ ဖြစ်လာရင်တော့ တာဝန်တွေက တစ်မျိုး ဖြစ်သွားပါလိမ့်မယ်။"

"မန်ယူလို အသင်းမျိုးကို ကိုင်တွယ်ဖို့ဆိုရင် ဆုဖလားတွေ ရယူဖူးတဲ့၊ ဥရောပပြိုင်ပွဲတွေမှာ အတွေ့အကြုံရှိတဲ့သူမျိုး လိုအပ်ပါတယ်။ သူကတော့ အဲဒါတွေ မရှိသေးဘူး။ နောက်ပိုင်း နှစ်အနည်းငယ်ကြာရင်တော့ သူ ဒါတွေ ရလာနိုင်ပြီး အဲဒီအချိန်ကျရင် နည်းပြစာရင်းထဲမှာ ပါလာနိုင်ပါတယ်။ အခုလောလောဆယ် ပွဲတွေ ဆက်တိုက် နိုင်နေတာကတော့ သူ့အတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်စေတာပေါ့။"

ကိန်းက "လူတိုင်းက သူ့ကို ချစ်ကြတယ်ဆိုတဲ့ ပြောဆိုသံတွေအပေါ် ကျွန်တော်တော့ သိပ်မသေချာဘူး။ နယူးကာဆယ်ကို ၁၀ ယောက်တည်းနဲ့တောင် မနိုင်ခဲ့တဲ့အချိန်တုန်းက အခြေအနေက တစ်မျိုးပဲလေ။ ဒီနေ့ သူ ဗီလာကို နိုင်ခဲ့တယ်ဆိုပေမဲ့ ဗီလာက တကယ်ကို ညံ့ဖျင်းခဲ့တာပါ။ ဒီနေ့ ဗီလာရဲ့ ကစားပုံကို ကြည့်ပြီး သူတို့ ဥရောပဝင်ခွင့်နဲ့ လွဲသွားနိုင်တယ်လို့တောင် ကျွန်တော် ထင်မိတယ်" လို့ ပြောကြားခဲ့ပါတယ်။

"ဒါကြောင့် ယူနိုက်တက်အတွက် အချိန်အခါက ကောင်းနေတယ်လို့ ဆိုရမှာပါ။ ဒီနေ့ပွဲမှာ ဗီလာက ဥရောပပွဲ ကစားထားရလို့ ပင်ပန်းနေချိန်၊ ယူနိုက်တက်ကတော့ ရာသီအစမှာ အရမ်းညံ့ခဲ့တာကြောင့် တခြား အာရုံနောက်စရာ ပြိုင်ပွဲတွေ မရှိတော့ဘူး။ ပြီးတော့ အခုကစားနေတာက အဆင့် ၁၅ နဲ့ ရာသီသိမ်းခဲ့တဲ့ ကစားသမား အစုအဖွဲ့ပဲ ဆိုတာကိုလည်း မမေ့ပါနဲ့။"

"ဒါကြောင့် မန်ယူ အဆင့် ၃ နေရာ ရောက်လာတာကို တခြားလူတွေ ပျော်ရင်ပျော်ကြလိမ့်မယ်၊ ကျွန်တော်ကတော့ မပျော်ဘူး။ ကျွန်တော်က အဲလိုလူစားမျိုး မဟုတ်ပါဘူး။ အဲဒီလို အခြေအနေမျိုးနဲ့ ကျွန်တော် စိတ်မလှုပ်ရှားတတ်ဘူး။ အသင်းက ဆုဖလားတွေ ရယူနိုင်ပြီး အပတ်တိုင်းမှာ တည်တည်ငြိမ်ငြိမ်နဲ့ ယှဉ်ပြိုင်နိုင်မှပဲ ကျွန်တော် စိတ်လှုပ်ရှားတတ်တာပါ။ ဒါကြောင့် ကျွန်တော်ကတော့ အပျော်မကြူးနိုင်သေးပါဘူး" လို့ ပြောသွားခဲ့ပါတယ်။