ရာသီကုန်အထိတာဝန်ယူပေးမယ့် ယာယီနည်းပြသစ်တစ်ဦးကိုခန့်အပ်ဖို့ ပြင်ဆင်နေတဲ့ တော့တင်ဟမ်
အခုသီတင်းပတ်အတွင်း သောမတ်စ်ဖရန့်ခ်ကို ရာထူးမှထုတ်ပယ်လိုက်ပြီးနောက် တော့တင်ဟမ်အသင်းက နည်းပြသစ်တစ်ဦးကို ရှာဖွေနေပါတယ်။
တော့တင်ဟမ်အသင်းက ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ အသင်းဆီရောက်ရှိလာတာ ရှစ်လပင်မပြည့်သေးတဲ့ ဖရန့်ခ်ကို နည်းပြရာထူးမှထုတ်ပယ်ခဲ့ပါတယ်။ လက်ရှိမှာ တော့တင်ဟမ်က ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်-၁၆ နေရာမှာ ရောက်ရှိနေပြီး တန်းဆင်းဇုန်နဲ့ငါးမှတ်သာ ကွာဟပါတော့တယ်။
သတင်းထောက်ဘင်ဂျေးကော့ဘ်ရဲ့ဖော်ပြချက်အရ တော့တင်ဟမ်က နည်းပြလောင်းတွေကို စတင်လူတွေ့စစ်ဆေးနေပြီး ယာယီနည်းပြတစ်ဦး အမြန်ဆုံးခန့်အပ်လိုနေတယ်လို့ သိရပါတယ်။ " တော့တင်ဟမ်က ဒီနွေရာသီ၊ အမြဲတမ်းနည်းပြသစ်မရှိသေးခင် ယာယီနည်းပြတစ်ဦးကို အရင်ဆုံးခန့်အပ်ဖို့ ဆုံးဖြတ်ထားပါတယ်"လို့ ၎င်းက ဆိုပါတယ်။
တော့တင်ဟမ်နည်းပြရာထူးအတွက် မာဆေးလ်နည်းပြဟောင်းဒီဇာဘီ၊ ခရစ္စတယ်ပဲလေ့စ်နည်းပြဂလက်စနာနဲ့ ဘုန်းမောက်နည်းပြအီရာအိုလာတို့ သတင်းကြီးနေပေမဲ့ အသင်းနည်းပြဟောင်းပိုချက်တီနိုသာ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ပိုချက်တီနိုက လက်ရှိမှာ အမေရိကန်လက်ရွေးစင်အသင်းကို တာဝန်ယူနေရသူလည်း ဖြစ်ပါတယ်။
ရှေ့သီတင်းပတ်မှာကစားမယ့် မြောက်လန်ဒန်ဒါဘီပြိုင်ဘက်အာဆင်နယ်နဲ့ပွဲစဉ်မတိုင်ခင် လာမယ့် တနင်္လာနေ့မှာ နည်းပြသစ်ခန့်အပ်မှုကို အတည်ပြုနိုင်ဖို့ တော့တင်ဟမ်အသင်း စီစဉ်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။ ပိုချက်တီနိုက ဒီနွေရာသီမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမေရိကန်အသင်းကို ဦးဆောင်သွားဖို့ရှိနေပြီး ရာသီသစ်မစတင်ခင် တော့တင်ဟမ်ရဲ့အမြဲတမ်းနည်းပြအဖြစ် တာဝန်ယူသွားနိုင်ပါတယ်။
အခုခန့်အပ်မယ့်ယာယီနည်းပြက အသင်းကို ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့ရင် အမြဲတမ်းနည်းပြဖြစ်လာဖို့ အခွင့်အရေးရှိပေမဲ့ ပရိသတ်တွေကိုယ်တိုင်ကတော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကမှ အသင်းနဲ့လမ်းခွဲသွားတဲ့ ပိုချက်တီနိုကိုပဲ ပြန်လာစေချင်ကြပါတယ်။ Sky Sports ရဲ့ ဖော်ပြချက်အရ တော့တင်ဟမ်က အသင်းဆီရောက်ရောက်ချင်း ရလဒ်ကောင်းအောင် ချက်ချင်းစွမ်းဆောင်ပေးနိုင်တဲ့ အတွေ့အကြုံရင့်နည်းပြတစ်ဦးကို ရှာဖွေနေတယ်လို့ သိရပြီး ပရိသတ်တွေကလည်း အသင်းရဲ့ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေကြပါတယ်။