သွားအတော်များများ ကျိုးသွားခဲ့လို့ ဆေးရုံတင်လိုက်ရပြီး ကမ္ဘာ့ဖလားအိပ်မက် ပျက်ပြယ်သွားခဲ့ရတဲ့ အင်္ဂလန်ကြယ်ပွင့်
အင်္ဂလန်လက်ရွေးစင် ကြယ်ပွင့်ကစားသမား ရူဘင်လို့ဖ်တပ်စ်ချိခ်ဟာ အေစီမီလန်အသင်းအတွက် ပါးမားနဲ့ ကစားပေးနေစဉ်အတွင်း ပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့တာကြောင့် ဆေးရုံကို အရေးပေါ် ပို့ဆောင်လိုက်ရပါတယ်။
လို့ဖ်တပ်စ်ချိခ်ဟာ ဘောလုံးလုရင်း ပါးမားဂိုးသမား အက်ဒိုအာဒိုကိုဗီနဲ့ မတော်တဆတိုက်မိပြီး ခေါင်းမှာ ဆိုးဆိုးရွားရွား ဒဏ်ရာရရှိခဲ့တာကြောင့် ဒီနေ့မှာပဲ ခွဲစိတ်မှုခံယူရတော့မှာပါ။
The Sun သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးကစားသမားဟောင်းဟာ သွားတွေကို ထိန်းထားပေးတဲ့ မေးရိုးအရိုးအက်သွားတာဖြစ်ပြီး သွားအတော်များများလည်း ကျိုးသွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဒဏ်ရာကနေ ပြန်ကောင်းဖို့အတွက် ရက်သတ္တပတ် အတော်ကြာ အချိန်ယူရမှာဖြစ်လို့ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်တော့မှာဖြစ်ပါတယ်။ ဒါဟာ လို့ဖ်တပ်စ်ချိခ်အတွက်ရော၊ တခြားကစားသမားတွေကိုပဲ အားကိုးရတော့မယ့် နည်းပြ သောမတ်စ်တူချယ်အတွက်ပါ စိတ်ပျက်စရာကောင်းတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။
လို့ဖ်တပ်စ်ချိခ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ဝေးလ်နဲ့ပွဲမှာ လူစားဝင်ကစားရင်း ၇ နှစ်အတွင်း ပထမဆုံးအကြိမ် အင်္ဂလန်အသင်းအတွက် ပြန်လည်ကစားခွင့်ရခဲ့တာပါ။ အခုအခါမှာတော့ နည်းပြတူချယ်အနေနဲ့ သူ့နေရာမှာ အစားထိုးမယ့်သူကို ရှာဖွေဖို့ ရုန်းကန်ရနိုင်ပါတယ်။
အဆိုပါပွဲစဉ်မှာတော့ မာရီယာနို ထရွိုင်းလိုက ပွဲချိန် မိနစ် ၈၀ မှာ ပါးမားအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါကြောင့် အေစီမီလန်ဟာ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရှိနေပေမဲ့ ထိပ်ဆုံးက အင်တာမီလန်နဲ့ ၁၀ မှတ်အထိ ကွာဟသွားခဲ့ပါပြီ။ အင်တာမီလန်ကတော့ စနေနေ့က လက်ချီကို ၂-၀ နဲ့ အနိုင်ရပြီး ၇ ပွဲဆက်တိုက် နိုင်ပွဲရရှိကာ ခြေစွမ်းပြနေပါတယ်။
အေစီမီလန်အသင်းဟာ အမှတ်ပေးဇယားထိပ်က အင်တာမီလန်ကို အမီလိုက်နိုင်ဖို့အတွက် ဒီတစ်ပတ်မှာတော့ တန်းဆင်းဇုန်က ခရီမိုနီးစ်အသင်းကို ဆန်စီရိုကွင်းမှာ လက်ခံကစားသွားရမှာ ဖြစ်ပါတယ်။