မန်စီးတီးနဲ့ ပွဲစဉ်မှာ လီဗာပူးဟာ သရေ ရလဒ်ထက် ပိုမိုထိုက်တန်ခဲ့တယ်လို့ ပြောဆိုလိုက်တဲ့ ဗန်ဒိုက်
ယမန်နေ့ညပိုင်း၊ မန်စီးတီးနဲ့ ရင်ဆိုင်ရတဲ့ ပွဲစဉ်မှာ သူ့ရဲ့အသင်းဟာ သရေတစ်မှတ်ထက် ပိုတဲ့အရာနဲ့ ထိုက်တန်ခဲ့တယ်လို့ လီဗာပူး ကပ္ပတိန်ဗန်ဒိုက်က ယုံကြည်နေပါတယ်။ မန်စီးတီး အတွက် ဂျွန်စတုန်းစ်ရဲ့အဖွင့်ဂိုးကို မက်အယ်လစ္စတာရဲ့ ပယ်နယ်တီ သွင်းဂိုးက ချေဖျက်နိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ထိပ်သီးနှစ်သင်းအကြား တစ်ဖက်တစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။
ဗန်ဒိုက်က “ဒုတိယပိုင်း ပွဲချိန်တွေက ပထမပိုင်း ပွဲချိန်အစောပိုင်း ၁၅ မိနစ်၊ မိနစ် ၂၀ ဝန်းကျင်ထက် ပိုကောင်းခဲ့တယ်ဆိုတာ သိသာထင်ရှားပါတယ်။ ကျွန်တော်တို့ အသင်းက ကွင်းလယ်မှာတင် ပြိုင်ဘက်တိုက်စစ်ကို ဟန့်တားနိုင်ခဲ့သင့်ပေမယ့် အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အတွက် အခွင့်အရေးကောင်းတွေ အများကြီးရရှိခဲ့ပြီး ကံမကောင်းစွာနဲ့ဘဲ အနိုင်ဂိုးတော့ မဖြစ်လာခဲ့ပါဘူး။ ဒါပေမယ့် ခြုံပြောရရင်တော့ ချိုမြိန်လွန်းပါတယ်။ ဒုတိယပိုင်း စွမ်းဆောင်ရည်ကို အခြေခံလိုက်မယ်ဆိုရင် ကျွန်တော်တို့အသင်း အနိုင်ရရှိသင့်တယ်လို့ ခံစားမိပါတယ်။ ဒါပေမယ့် မန်စီးတီးရဲ့ကန်ချက်တွေကလည်း တိုင်ထိခဲ့တာတွေ ရှိပါတယ်။ ဂိုးဝင်သွားဖို့ အတော်လေးကို နီးစပ်ခဲ့တာပါ”
“မန်စီးတီးက သူတို့ရရှိခဲ့တဲ့ ဆုဖလားတွေနဲ့အတူ အရမ်းကိုအောင်မြင်ခဲ့ပြီး ကျွန်တော်တို့နှစ်သင်း ယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်တွေက အရမ်းပြင်းထန်ခဲ့ပါတယ်။ ပွဲတိုင်းက အရမ်းခက်ခဲပါတယ်။ ကွင်းတွင်း နေရာစုံမှာ အရည်အသွေးအပြည့်ကစားသမားတွေရှိနေတာကြောင့်ပဲ ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးက ဆုဖလားသုံးလုံးအောင်ပွဲ ရရှိခဲ့တာပါ။ ဒီအချက်အပေါ် ကျွန်တော်လေးစားပေမယ့် ဒီနေ့ပွဲစဉ်အတွက် ကျွန်တော်တို့ရဲ့ရည်မှန်းချက်က အနိုင်သုံးမှတ်ရရှိဖို့ ဖြစ်ပါတယ်။ တစ်မှတ်ရခဲ့တယ်ဆိုတာလည်း အရမ်းဆိုးရွားတဲ့အခြေအနေမျိုး မဟုတ်ပါဘူး။ နောက်လာမယ့်ပွဲစဉ်ကိုပဲ အာရုံစိုက်သွားရပါမယ်။ ကျွန်တော်တို့ ဒီခရီးစဉ်ကို ပျော်ပျော်ရွှင်ရွှင်ရှေ့ဆက်လျှောက်လှမ်းသွားရပါမယ်”လို့ ပြောပါတယ်။