
နွေရာသီမှာ ကစားသမားသစ် ၄ ယောက်အထိခေါ်ယူဖို့စီစဉ်ထားတဲ့ ဘာစီလိုနာ
ဘာစီလိုနာအသင်းရဲ့ အားကစားဒါရိုက်တာ ဒီကိုက နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားသစ် ၄ ယောက်အထိခေါ်ယူဖို့ စီစဉ်ထားကြောင်း အတည်ပြုပြောကြားလာခဲ့ပါတယ်။ လက်ရှိဘာစီလိုနာက ပစ်မှတ်ထားနေတဲ့ကစားသမားတွေထဲမှာ ပရီးမီးယားလိဂ်ကြယ်ပွင့်တွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့ လီဗာပူးကြယ်ပွင့် လူးဝစ်ဒီယက်ဇ်တို့ပါဝင်နေတယ်လို့သိရပြီး ဒီကိုက အသင်းဟာ နွေရာသီအတွင်း အင်အားဖြည့်တင်းဖို့ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ ဘာစီလိုနာဟာ ဘဏ္ဍာရေးကျဆင်းမှုကြောင့် ကစားသမားသစ်အနေနဲ့ ဒန်နီအိုလ်မိုကိုသာ ခေါ်ယူနိုင်ခဲ့ပြီး စပိန်သားကို ကစားသမားမှတ်ပုံတင်ပြုလုပ်ရာမှာလည်း ငွေကြေးပိုင်းဆိုင်ရာပြဿနာတွေ ကြုံတွေ့ခဲ့ပါတယ်။ ယခုအခါမှာတော့ ဘာစီလိုနာဟာ Nike နဲ့ချုပ်ဆိုထားတဲ့ စာချုပ်သစ်အရ ကစားသမားသစ်တွေခေါ်ယူဖို့ လုံလောက်တဲ့ငွေကြေးပမာဏရရှိထားတယ်လို့ သိရပါတယ်။
ဒီကိုက "ဘာစီလိုနာအနေနဲ့ အသင်းရဲ့အကောင်းဆုံးကစားသမားတွေကို ရောင်းချသွားမှာမဟုတ်ဘဲ ဆက်လက်ထိန်းသိမ်းဖို့ကြိုးစားနေပါတယ်။ နွေရာသီမှာလည်း ကျွန်တော်တို့ဟာ ကစားသမားသစ် ၄ ယောက်လောက်အထိ ခေါ်ယူဖို့စီစဉ်ထားပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်နဲ့ ဒီယက်ဇ်တို့ကိုခေါ်ယူဖို့ အစီအစဉ်ရှိမရှိမေးမြန်းခဲ့ရာ ဒီကိုက "သူတို့က ကစားသမားကောင်းတွေပါ။ ဒါပေမယ့် သူတို့ရဲ့ကိုယ်ပိုင်ကလပ်တွေမှာ စာချုပ်တွေကျန်နေပါသေးတယ်။ ဒါကြောင့် အခုချိန်မှာ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး မပြောသင့်ပါဘူး။ ဈေးကွက်ထဲမှာ ကစားသမားတွေရှိနေပါတယ်။ကျွန်တော့်အမြင်အရတော့ အသင်းက ကစားသမားတွေအများကြီးမလိုအပ်ပါဘူး"
"ကျွန်တော် ကစားသမားတွေရဲ့အေးဂျင့်တွေနဲ့ ဆွေးနွေးကြည့်တော့ အသင်းကိုလာချင်တဲ့လူတွေရှိပါတယ်။ ဒါက အသင်းရဲ့ပုံရိပ်မြင့်တက်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဘာစီလိုနာက အသင်းကြီးတစ်သင်းအဖြစ် ရပ်တည်နေဆဲဖြစ်လို့ ကျွန်တော်တို့ ဂုဏ်ယူပါတယ်။ ပြီးတော့ ကစားသမားတွေကိုလည်း ဆွဲဆောင်နိုင်တုန်းပါပဲ" လို့ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာဟာ ယခုလအတွင်းကျင်းပသွားမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားမှာမဟုတ်လို့ ကစားသမားတွေအနေနဲ့ အနားရသွားမှာဖြစ်ပြီး ရာသီကြိုပွဲစဉ်တွေရောက်မှသာ ပြန်လည်ကစားသွားရမှာဖြစ်ပါတယ်။