The network connection is lost.

Banner Image

ခြေစမ်းပွဲကို ပီရူးမြေမှာကစားဖို့ ဘာစီလိုနာပြင်ဆင်နေ

မိုင်ယာမီမှာ ဗီလာရီးရဲလ်နဲ့ကစားမယ့်ပွဲ ဖျက်သိမ်းခံခဲ့ရပြီနောက် အခုဒီဇင်ဘာ ပီရူးမြေမှာ ဘာစီလိုနာအသင်းဟာ ခြေစစ်ပွဲတစ်ပွဲကန်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။  အဆိုပါပွဲဟာ ယူရို ၇ သန်းကနေ ၈ သန်းကြားကုန်ကျနိုင်တာဖြစ်ပြီး ဘာစီလိုနာဘက်က ညှိနှိုင်းမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ မန်ဒိုသတင်းဌာနရဲ့အဆိုအရ အဆိုပါခြေစမ်းပွဲဟာ ယူရို ၇ သန်းကနေ ၈ သန်းကြားကုန်ကျနိုင်ပြီး ဘဏ္ဍာရေးပိုင်းထောက်ပံ့မှုလိုအပ်နေတယ်လို့ သိရပါတယ်။

ဘာစီလိုနာဟာ ကနဦးတုန်းက ဒီဇင်ဘာ ၂၀ မိုင်ယာမီမြေမှာ ဗီလာရီးရဲလ်နဲ့ကန်ဖို့ စီစဉ်ထားပေမယ့် စပိန်မြေက မသေချာမှုတွေကြောင့် ဖျက်သိမ်းခဲ့ရပါတယ်။ လာလီဂါ နဲ့ Relevent ကတော့ အဆိုပါပွဲဟာ ပြင်ဆင်ချိန်ပြတ်လပ်တာအပြင် နိုင်ငံရေးမတည်ငြိမ်မှုကြောင့်လို့ အတည်ပြုခဲ့ကာ ဘာစီလိုနာအတွက် စီးပွားရေးဆိုင်ရာအခွင့်အရေးတစ်ရပ်လွဲချော်ခဲ့ရပါတယ်။ လစ်ဗျားမြေမှာ ဒီလအစောပိုင်းတုန်းကစားဖို့ ကမ်းလှမ်းမှုရှိခဲ့ပေမယ့် လုံခြုံရေးကြောင့် ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

အခုချိန်မှာတော့ ဝင်ငွေကုန်ကျမှုကိုသက်သာစေဖို့ ပီရူးမြေမှာခြေစမ်းပွဲကစားဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ အသင်းဥက္ကဌ လာပေါ်တာကတော့ နည်းပြ ဖလစ်အပါအဝင် အသင်းကစားသမားတွေ ၊ အသင်းအားကစားဒါရိုက်တာ ဒေကိုတို့နဲ့ တွေ့ဆုံခဲ့ပြီးနောက် ပီရူးရဲ့ကမ်းလှမ်းမှု ကို လက်ခံဖို့အသင့်ရှိနေတယ်လို့ သိရပါတယ်။ ကနဦးတုန်းက ဘာစီလိုနာဟာ ဒီဇင်ဘာ ၂၀ ရက်နေ့ ခရစ္စမတ်ကာလနားရက်မတိုင်ခင် ဗီလာရီးရဲလ်နဲ့ မိုင်ယာမီမြေမှာခြေစမ်းဖို့ ပြင်ဆင်ထားခဲ့တာဖြစ်ပါတယ်။

တကယ်လို့ပီရူးမြေမှာ ခြေစမ်းပွဲဖြစ်မြောက်ခဲ့မယ်ဆိုရင် အဆိုပါပွဲက ၂၀၂၃ တုန်းက ကလပ်အမေရိကနဲ့ခြေစမ်းပွဲပြီးနောက် ဒုတိယမြောက် ပြည်ပခြေစမ်းပွဲဖြစ်လာမှာဖြစ်ပါတယ်။ ဘာစီလိုနာဟာ ကွင်းသစ်ပြန်လည်တည်ဆောက်မှုအပါအဝင် ၂၀၂၆ မှာ ငွေကြေးကုန်ကျမှုမြင့်မားလာဖွယ်ရှိနေပါတယ်။ အသင်းအနေနဲ့ ပြီးခဲ့တဲ့နှစ်တော်တော်များများအတွင်း ဘဏ္ဍာရေးပိုင်းဆိုင်ရာ ရုန်းကန်ရမှုတွေရှိခဲ့တာဖြစ်ပြီး စပွန်ဆာ နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တွေကနေ ဝင်ငွေတိုးလာပေမယ့် ရုန်းကန်နေရဆဲဖြစ်ပါတယ်။

ပီရူးမြေမှာက ခြေစမ်းပွဲနဲ့အတူ ဘာစီလိုနာရဲ့ ၂၀၂၅ ဘောလုံးရာသီကိုအပြီးသတ်မှာဖြစ်ပြီး အတည်ဖြစ်ခဲ့တယ်ဆိုရင် ဘာစီလိုနာအနေနဲ့ ပရိသတ်အင်အားရရှိမှာဖြစ်ပါတယ်။ အဆိုပါပွဲကို ပြည်တွင်းစီးပွားရေးသမားတွေအပြင် ပရိသတ်တွေ ၊ ရုပ်သံထုတ်လွှင့်မှုတွေပါ စိတ်ဝင်စားမယ်လို့ မျှော်လင့်နေပါတယ်။