The network connection is lost.

Banner Image

လီဗာပူးအသင်းမှာ ဖရင်ပေါင်ဝတ်ဆင်မည့် ကျောနံပါတ်အကြောင်း သတင်းထွက်ပေါ်လာ

လီဗာပူးအသင်းအနေဖြင့် ဖရင်ပေါင်ကိုခေါ်ယူနိုင်ဖို့ အတော်လေးနီးစပ်နေပြီဖြစ်လို့ အာနိုးလ်နေရာမှာ အစားထိုးနိုင်ဖို့ကိစ္စအတွက် အချိန်အများကြီးမယူခဲ့ရပါဘူး။ အခုလအစောပိုင်းမှာပဲ အာနိုးလ်က သူ့ရဲ့စာချုပ်သက်တမ်းကုန်ဆုံးချိန်၊ အခုနွေရာသီကာလမှာ အသင်းမှ ထွက်ခွာမယ်လို့ တရားဝင်ကြေညာခဲ့ပါတယ်။ 

သူက အရင်းနှီးဆုံးသူငယ်ချင်းဘယ်လင်ဟမ်ရှိရာ စပိန်မြေ၊ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ အတော်လေးနီးစပ်နေပါတယ်။ ဒီနောက်ပိုင်းမှာတော့ လီဗာပူးအသင်းရဲ့ ညာအစွန်နောက်ခံလူသစ် ဘယ်သူဖြစ်လာမလဲဆိုတဲ့မေးခွန်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။ အန်းစလော့ကိုယ်တိုင်ကတော့ ဒီတာဝန်ကို ကော်နာဘရက်ဒလေ လွှဲပြောင်းရယူဖွယ်ရှိတယ်လို့ ဆွေးနွေးခဲ့ပါတယ်။

မည်သို့ပင်ဆိုစေကာမူ လီဗာပူးအသင်းဘက်ကတော့ အသင်းမှထွက်ခွာတော့မယ့် အာနိုးလ်ရဲ့နေရာမှာ လေဗာကူဆင်နောက်ခံအစွန်လူဖရင်ပေါင်နဲ့အစားထိုးသွားဖို့အတွက် ဆွေးနွေးနေပြီဆိုတဲ့သတင်းတွေ ထွက်ရှိထားခဲ့ပါတယ်။လတ်တလောသတင်းတွေအရ ကြိုးကြာနီတွေက ဒတ်ချ်လက်ရွေးစင်အတွက် ပြောင်းရွှေ့ကြေးယူရို ၃၅ သန်းအထိ သုံးစွဲသွားဖို့ ဂျာမန်ဘွန်ဒက်စ်လီဂါကလပ်အသင်းနဲ့ သဘောတူညီချက်ရရှိထားပြီလို့ သိရပါတယ်။ ဒါ့အပြင် နာမည်ကျော်သတင်းထောက် Ben Jacobs ကလည်း ဖရင်ပေါင်အနေဖြင့် မာဆေးဆိုဒ်ကလပ်အသင်းနဲ့အတူ တနင်္ဂနွေနေ့မှာ သူ့ရဲ့ဆေးစစ်မှုပထမပိုင်းအစီအစဉ်ကို လုပ်ဆောင်ခဲ့ပြီး တနင်္လာနေ့မှာ ကျန်ဆေးစစ်မှုအစီအစဉ်ကို အပြီးသတ်လုပ်ဆောင်သွားလိမ့်မယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။

ဆက်လက်ပြီး Ben Jacobs က ဖရင်ပေါင်အနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံတွေဆီ ပြောင်းရွှေ့လာပြီးရင် ကျောနံပါတ်-၃၀ ဂျာစီအင်္ကျီကို ဝတ်ဆင်သွားဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဒတ်ချ်ကစားသမားက ဒီကျောနံပါတ်ကို ဆဲလ်တစ်၊ လေဗာကူဆင်တို့မှာလည်း ဝတ်ဆင်ခဲ့ပါတယ်။

လီဗာပူးအသင်းက ဖရင်ပေါင်ရဲ့အပြောင်းအရွှေ့ကို ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်မတိုင်ခင် ကြေညာသွားဖွယ်ရှိပြီး မေ ၂၅ ရက်၊ အန်ဖီးလ်မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်အတွင်း ပရိသတ်တွေနဲ့ ကစားသမားကို မိတ်ဆက်ပေးသွားမယ်လို့ မျှော်လင့်ရပါတယ်။