လီဗာပူးမှာ ခြေစွမ်းပိုင်းအနည်းငယ်ကျဆင်းခဲ့ပြီးနောက် ပိုမိုသန်မာတဲ့ ပုံစံမျိုးနဲ့ ပြန်လာမယ်လို့ ကြွေးကြော်လိုက်တဲ့ ဖလော်ရီယန်ဝစ်ဇ်
လီဗာပူးကြယ်ပွင့်ဖလော်ရီယန်ဝစ်ဇ်က အင်္ဂလန်မြေဆီရောက်ရှိလာချိန် ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေအကြောင်း ဖွင့်ဟပြောဆိုလာပါတယ်။
အသက် ၂၂ နှစ်အရွယ် ဂျာမနီလက်ရွေးစင်ကစားသမားက လေဗာကူဆင်မှပေါင် ၁၁၆ သန်းတန်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့ပြီး ဘောလုံးလောကရဲ့သမိုင်းဝင်အပြောင်းအရွှေ့တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဘွန်ဒက်လီဂါမှ ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့လာတဲ့ လူငယ်ကစားသမားတစ်ဦးအတွက် အင်္ဂလန်ထိပ်တန်းလိဂ်ရဲ့ သိသိသာသာမြင့်မားလှတဲ့ အရည်အသွေးတွေနဲ့ အသားကျဖို့ ကြိုးစားရမှုမှာ ဖိအားတွေ အများကြီးရှိခဲ့ပါတယ်။
ဒါပေမဲ့ ဗက်ဇ်ကတော့ ဒီလိုအခက်အခဲတွေကြားမှာပဲ ပိုမိုကောင်းမွန်တဲ့ပုံစံနဲ့ ပြန်လာနိုင်မယ်လို့ ပြောဆိုခဲ့ပါတယ်။
" လွယ်ကူတဲ့ အချိန်ကာလတစ်ခုတော့ မဟုတ်ပါဘူး။ အရာရာတိုင်း အမြဲတမ်း အကောင်းဘက်ဆီပဲ ဦးတည်မနေတာကလည်း တစ်ခါတလေကျရင် ကောင်းပါတယ်။ ခြေစွမ်းကျဆင်းတဲ့အခြေအနေတွေကို ကြုံတွေ့ရမှပဲ အဲဒီမှတစ်ဆင့် ပိုပြီး သန်မာလာနိုင်ပါမယ်" လို့ ဗက်ဇ်က Sportschau ကို ပြောပါတယ်။
"အခုလည်း ကျွန်တော် အဲဒီလိုပဲ မြင်ပါတယ်။ ဒီအခြေအနေတွေက ကျွန်တော့်ကို ပိုသန်မာစေပါတယ်။ အခက်အခဲတွေကို ကျော်ဖြတ်ပြီး အသားကျအောင် ကြိုးစားခဲ့ရသလို၊ ပိုသန်မာလာအောင်နဲ့ ဘောလုံးကို ပိုထိန်းနိုင်အောင်လည်း သင်ယူခဲ့ရပါတယ်"
"လီဗာပူးဆီပြောင်းလာပြီးနောက်ပိုင်း ကြုံတွေ့ရတဲ့ ခက်ခဲတဲ့အချိန်တွေမှာ နည်းပြနာဂယ်စ်မန်းက ကျွန်တော့်ကို အမြဲတမ်းကူညီပေးခဲ့သလို ကျွန်တော့်စကားတွေကိုလည်း အမြဲတမ်း နားထောင်ပေးခဲ့ပါတယ်"
"သူက ကျွန်တော့်ကို အကြံဉာဏ်တွေပေးပြီး စိတ်ဓာတ်ခွန်အားတွေလည်း ပေးခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ကြားက ဆက်ဆံရေးကို ပိုပြီး ရင်းနှီးစေခဲ့ပါတယ်" လို့ ဗက်ဇ်က ဆိုပါတယ်။
သောကြာညပိုင်းခြေစမ်းပွဲစဉ်မှာ နှစ်ဂိုသွင်း၊ ဂိုးဖန်တီးမှုနှစ်ကြိမ်ပြုလုပ်ခဲ့တဲ့ ဖလော်ရီယန်ဝစ်ဇ်က ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ လက်ရွေးစင်ကစားသမားဘ၀စတင်လာပြီးနောက် အသင်းအတွက် ဂိုးပါဝင်ပတ်သက်မှု ၂၁ ကြိမ်အထိ ရှိလာခဲ့ပါတယ်။
လက်ရှိမှာတော့ ဖလော်ရီယန်ဝစ်ဇ်က လီဗာပူးအတွက် ပြိုင်ပွဲစုံ ခြောက်ဂိုးသွင်း၊ ဂိုးဖန်တီးမှု ခုနစ်ကြိမ်ပြုလုပ်ကာ နည်းပြအန်းစလော့လက်အောက် ခြေစွမ်းပြသနေပါပြီ။