လီဗာပူးမှထွက်ခွာတော့မယ့် မိုဆာလက်နဲ့ ဘာတွေဆွေးနွေးဖြစ်သလဲဆိုတာ ဖွင့်ဟလာတဲ့ ဆိုဘိုဆလိုင်း
လီဗာပူးကွင်းလယ်ကစားသမားဆိုဘိုဆလိုင်းက အသင်းအဝတ်လဲခန်းအတွင်း သူ့ရဲ့အရင်းနှီးရဆုံးမိတ်တွေသူငယ်ချင်းတွေအနက် တစ်ဦးမှာ မိုဆာလက်ဖြစ်တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
မိုဆာလက်က လီဗာပူးမှာ ကိုးနှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် အခုဘောလုံးရာသီကုန်ဆုံးချိန်၊ အသင်းမှထွက်ခွာဖို့ ရှိနေပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်မှာပြုလုပ်ခဲ့တဲ့ ပရဟိတပွဲတစ်ခုမှာ ဆိုဘိုဆလိုင်းက အီဂျစ်တိုက်စစ်မှူးရဲ့ကြေညာချက်နဲ့ပတ်သက်လို့ Liverpool Echo ဆီ အခုလို ပြန်လည်ပြောပြခဲ့ပါတယ်။
"ဟုတ်ကဲ့၊ ဒီအကြောင်းကို ကျွန်တော် အများကြီးပြောနေစရာတောင် မလိုပါဘူး၊ ဘာလို့လဲဆိုတော့ လူတိုင်း သိနေကြလို့ပါပဲ"
"မိုဆာလက်နဲ့ပတ်သက်လို့ သူ့ရဲ့စွမ်းဆောင်ရည်မှတ်တမ်းတွေက သက်သေပြနေသလို ကွင်းထဲမှာ သူလုပ်ပြခဲ့တာတွေကလည်း သူ့အကြောင်းကို ဖော်ပြနေပါတယ်။ သူဟာ ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံးကစားသမားတွေအနက် တစ်ဦးဖြစ်ပါတယ်"
"ဒါက လီဗာပူးအတွက်တင်မကဘဲ တစ်ကမ္ဘာလုံးအတိုင်းအတာအထိ ရှိမယ်လို့ ကျွန်တော် ထင်ပါတယ်။ သူနဲ့ အတူတူကစားခွင့်ရခဲ့တာ ကံကောင်းတယ်လို့ မှတ်ယူသလို သူဟာ ကျွန်တော့်ရဲ့ သူငယ်ချင်းတစ်ယောက်လို့ ပြောရတာကိုလည်း တကယ်ပဲ ဝမ်းသာပါတယ်" လို့ ဆိုဘိုဆလိုင်းက ပြောပါတယ်။
ဆက်လက်ပြီး ဟန်ဂေရီအသင်းခေါင်းဆောင်က "အမှန်အတိုင်း ပြောရရင် ကျွန်တော်နဲ့ မိုဆာလက် အရမ်းရင်းနှီးတယ်ဆိုတာ ခင်ဗျားတို့ သိကြပါလိမ့်မယ်"
"နောင်အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အများကြီး စကားပြောဖြစ်ခဲ့ကြပါတယ်။ ဒါကတော့ သူ့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါပဲ။ သူက လူကြီးတစ်ဦးဖြစ်လို့ သူကိုယ်တိုင်ပဲ ဆုံးဖြတ်ရပါလိမ့်မယ်"
"ဘာလုပ်ရမလဲဆိုတာကို သူ ကောင်းကောင်းသိပါတယ်။ ကျွန်တော်တို့ ရည်မှန်းထားတဲ့ ဆုဖလားတစ်ခုခုကို ရယူပြီး အသင်းမှ ထွက်ခွာသွားတယ်ဆိုတာ အံ့ဩစရာကောင်းတဲ့ အဆုံးသတ်ဖြစ်နိုင်လို့ သူက လိုအပ်သလို ပြုမူနေထိုင်သွားမယ့် ပရော်ဖက်ရှင်နယ်တစ်ဦးလို့ ကျွန်တော် ယုံကြည်ပါတယ်" လို့ ဆိုပါတယ်။
"သူက နေ့စဉ်လေ့ကျင့်ရေးကွင်းမှာ ကျွန်တော်တို့အားလုံးအတွက် စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်နေပါတယ်။ လူသစ်တွေရော၊ လူဟောင်းတွေရော အားလုံးအတွက်ပါ။ သူက ပိုကောင်းတဲ့ ကစားသမားတစ်ဦး၊ ပိုကောင်းတဲ့ လူသားတစ်ဦး ဖြစ်လာဖို့ ကျွန်တော်တို့ကို ပြသပေးနေပြီး ဒါဟာ သူ့ရဲ့ ကစားသမားဘဝအပေါ်မှာလည်း ကြီးမားတဲ့သက်ရောက်မှု ရှိပါတယ်"
"မိုဆာလက်က အသင်းမှာရှိနေတဲ့ ကျွန်တော့်ရဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေအနက် တစ်ဦးဖြစ်ပါတယ်။ သူက ကျွန်တော်နဲ့ အမြဲတမ်း အတူရှိနေသလို ကာကက်ဇ်လည်း ကျွန်တော်နဲ့ အမြဲတမ်းအတူရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သုံးယောက် အမြဲတမ်းတွဲဖြစ်ပါတယ်။ ကာကက်ဇ်က ကျွန်တော့်ရဲ့ ညီလေးလို ဖြစ်ပြီး မိုဆာလက်ကတော့ ကျွန်တော့်ရဲ့ အစ်ကိုကြီးလိုပါပဲ" လို့လည်း ဆိုဘိုဆလိုင်းက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။