ဆိုဘိုဆလိုင်းရဲ့အပြုအမူကို ပြိုင်ဘက်အပေါ်မလေးစားသောလုပ်ရပ်အဖြစ် သတ်မှတ်လိုက်တဲ့ ဘန်စလေနည်းပြ
လီဗာပူးက တနင်္လာညပိုင်း၊ အက်ဖ်အေဖလားပွဲစဉ်မှာ ဘန်စလေကို ၄-၁ ဂိုးဖြင့် အနိုင်ယူခဲ့ပါတယ်။ ဒါပေမဲ့ ဆိုဘိုဆလိုင်းရဲ့ပေါ့လျော့လွန်းလှတဲ့အမှားတစ်ခုကြောင့် ပြိုင်ဘက်အသင်းနည်းပြရဲ့ပြင်းပြင်းထန်ထန်ဝေဖန်မှု ထွက်ပေါ်လာခဲ့ပါတယ်။ အခုပွဲစဉ်မှာ ဖရင်းပေါင်ရဲ့သွင်းဂိုးမတိုင်ခင် ဟန်ဂေရီသားက ပြိုင်ဘက်ဂိုးပေါက်ရဲ့ ၃၅ ကိုက်အကွာမှတဆင့် အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ရူးမိုက်လှတဲ့အပြုအမူတစ်ခုက ဘန်စလေကို ပြိုင်ပွဲဆီပြန်လာနိုင်ဖို့ အခွင့်အလမ်းဖြစ်လာစေပါတယ်။
ဆိုဘိုဆလိုင်းက အသင်းဂိုးဧရိယာဆီ ဘောလုံးနဲ့အတူ ဝင်ရောက်လာပြီး ဘောလုံးကိုရှင်းထုတ်ပစ်ရမယ့်အစား ဂိုးသမားမာမာဒါရှီဗီလီဆီ နောက်ပေါက်ဖြင့်ပြန်ပေးဖို့ ရွေးချယ်ခဲ့ပါတယ်။ ဒီမှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့် လီဗာပူးအကယ်ဒမီကစားသမားဟောင်းအဒမ်ဖီးလစ်အတွက် အန်ဖီးလ်ကွင်းရှေ့မှောက် ဂိုးသွင်းယူနိုင်ဖို့ဆိုတဲ့အိပ်မက်တစ်ခု အကောင်အထည်ဖော်လာပါတယ်။ သူ့ရဲ့သွင်းဂိုးကြောင့် ပထမပိုင်းပွဲချိန်မပြီးဆုံးခင် လီဗာပူးရဲ့ဦးဆောင်မှုကို ထက်ဝက်လျှော့ချနိုင်ခဲ့ပါတယ်။
ပွဲစဉ်အပြီးမှာတော့ ဘန်စလေနည်းပြကော်နာဟူရီဟန်းက သူ့ရဲ့လိဂ်ဝမ်းကလပ်အသင်းအပေါ် လီဗာပူးကွင်းလယ်ကစားသမား မလေးမစားပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။ ဟူရီဟန်းက “ လီဗာပူးပရိသတ်တွေရှေ့မှောက် ဂိုးသွင်းယူဖို့ဆိုတာ အဒမ်ဖီးလစ်အတွက် အံ့အားသင့်စရာ ခံစားချက်တစ်ခု ဖြစ်ပါတယ်။ သူက လီဗာပူးအကယ်ဒမီမှတဆင့် ပေါ်ထွက်လာတဲ့ လီဗာပူးဖန်လည်း ဖြစ်ပါတယ်။
လက်ကျန်ဘဝသက်တမ်းတလျှောက်လုံး ဒီဂိုးကို သွင်းယူခဲ့တယ်လို့ သူပြောဆိုနိုင်ပါပြီ။ ဒီလိုပြောဖို့ဆိုတာ လူအများစုအတွက် မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အရိုးသားဆုံးပြောရရင် ဒါက လီဗာပူးကစားသမားတစ်ဦးရဲ့လေးစားမှုမရှိတဲ့ လုပ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ချဲလ်ဆီး၊ အာဆင်နယ်တို့နဲ့ရင်ဆိုင်ရချိန် (သို့မဟုတ်) ချန်ပီယံလိဂ်ပွဲစဉ်တွေမှာဆိုရင် သူ အခုလိုလုပ်လိမ့်မယ်လို့ မထင်ပါဘူး။
အဒမ်ဖီးလစ်အတွက် ဝမ်းမြောက်မိပေမယ့် ပြိုင်ဘက်ကစားသမားတစ်ဦးရဲ့ရှုထောင့်အရဆိုရင် ဒါက လေးစားမှုမရှိတဲ့လုပ်ရပ်တစ်ခု ဖြစ်ပါတယ်”လို့ ပြောပါတယ်။ ပေါင် ၁၁၆ သန်းတန် ဖလော်ရီယန်ဝစ်ဇ်ရဲ့ ပွဲချိန် ၈၄ မိနစ်သွင်းဂိုးနဲ့ ပေါင် ၇၉ သန်းတန်တိုက်စစ်မှူး ဟူဂိုအီကီတီကီရဲ့နာကျင်အချိန်ပိုသွင်းဂိုးတို့ကြောင့် ဘန်စလေရဲ့ချေပဂိုးရရှိရေးကြိုးပမ်းမှု ပျက်ပြယ်သွားခဲ့ပါတယ်။
ဟူရီဟန်းက “ ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်။ လီဗာပူးက အခုရလဒ်ကိုပုံဖော်ဖို့ အရန်ခုံတန်းမှာရှိနေတဲ့ စူပါစတားတွေကို ခေါ်ယူခဲ့ရပါတယ်။ ပွဲချိန်ပြီးဆုံးခါနီး ကျွန်တော်တို့အသင်း အနည်းငယ်မောပန်းလာပြီး ကျွန်တော်တို့နဲ့မထိုက်တန်ဘူးလို့ယူဆရတဲ့ တတိယမြောက်ဂိုးနဲ့ စတုတ္ထမြောက်ဂိုးကို ခွင့်ပြုပေးခဲ့ရပါတယ်”လို့ ဆိုပါတယ်။