The network connection is lost.

Banner Image

မန်စီးတီးကို အနိုင်ရရှိခဲ့မှုက ပိုပြီးထူးခြားတယ်လို့ ဝန်ခံပြောကြားလိုက်တဲ့ ရီးရဲလ်မက်ဒရစ်နောက်ခံလူအာနိုးလ်

ရီးရဲလ်မက်ဒရစ်နောက်ခံလူအာနိုးလ်က အင်္ဂါညပိုင်း၊ မန်စီးတီးအပေါ် အနိုင်ယူခဲ့တဲ့ ရလဒ်ကို အထူးကျေနပ်အားရမိတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ် ၁၆ သင်းရှုံးထက်အဆင့် ဒုတိယအကျော့ပွဲစဉ်မှာ မန်စီးတီးကို ၂-၁ ဂိုးဖြင့် အနိုင်ယူပြီး နှစ်ကျော့ပေါင်းရလဒ် ၅-၁ ဂိုးဖြင့် ကွတားဖိုင်နယ်အဆင့် တက်လှမ်းသွားပါတယ်။

အာနိုးအတွက်လည်း လီဗာပူးကစားသမားဘဝမှာ မန်စီးတီးနဲ့ရင်ဆိုင်ရချိန်တိုင်း အကြိမ်ကြိမ်လဲကျခဲ့ဖူးလို့ အခုနိုင်ပွဲက သူ့အတွက် အဓိပ္ပါယ်အများကြီးရှိနေပါတယ်။

ပွဲစဉ်အပြီး အာနိုးလ်က "မန်စီးတီးနဲ့ရင်ဆိုင်ယှဉ်ပြိုင်ပြီး ဆုဖလားတွေ အများကြီးကို ကျွန်တော် လက်လွှတ်ခဲ့ရဖူးပါတယ်။ သူတို့ကို အနိုင်ယူဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ ကျွန်တော်သိသလို အခုလည်း ကျွန်တော်တို့အသင်းက ကောင်းမွန်တဲ့အလုပ်တစ်ခုကို လုပ်ပြနိုင်ခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် "ဗင်နီစီးယက်စ်၊ ဗယ်လ်ဗာဒီ၊ ဗဟိုနောက်ခံလူတွေ... နောက်တစ်ဆင့်တက်နိုင်ဖို့အတွက် အသင်းကစားသမားအားလုံး အကောင်းဆုံးကြိုးစားခဲ့ကြတပါတယ်" လို့လည်း ဆိုပါတယ်။

"နည်းပြက ကျွန်တော့်အပေါ်ထားတဲ့ ယုံကြည်မှုကို ခံစားရသလို ဒါကိုလည်း ကွင်းထဲမှာ ပြသနိုင်ခဲ့ပါတယ်။ အခုဆို ယုံကြည်မှုတွေ ပိုရှိလာပါပြီ။ ရာသီအစပိုင်းတုန်းကတော့ ဒဏ်ရာအချို့ကြောင့်ရော၊ ခြေစွမ်းပိုင်းအရပါ အနည်းငယ် ရုန်းကန်ခဲ့ရပါသေးတယ်။

အခုတော့ ရုပ်ပိုင်းဆိုင်ရာအရ အရမ်းကောင်းတဲ့ အနေအထားမှာ ရှိနေသလို အသင်းအတွက်လည်း တဖြည်းဖြည်းနဲ့ ပိုပြီး အကျိုးပြုနိုင်တော့မယ်လို့ ထင်ပါတယ်" လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။