နော်တင်ဟမ်ဖောရက်စ်လူငယ်ကြယ်ပွင့်ကွီယာဘာနိုအတွက် ဒေါ့မွန်နဲ့ လေဗာကူဆင်တို့ ဆက်သွယ်လာ
နော်တင်ဟမ်ဖောရက်စ်အသင်းက လူငယ်နောက်ခံလူကွီယာဘာနိုနဲ့ ပတ်သက်လို့ မဖြစ်မနေဆုံးဖြတ်ချက်တစ်ခု ချမှတ်ရတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
လက်ရှိမှာတော့ ဒီဘယ်နောက်ခံက သူ့ရဲ့ဇာတိမြေ၊ ဘရာဇီးကလပ် ဗာစကိုဒဂါးမားအသင်းမှာ အငှားဖြင့် သွားရောက်ကစားနေပါတယ်။
ကွီယာဘာနိုရဲ့ခြေစွမ်းပြသနိုင်မှုကြောင့် ဂျာမနီထိပ်သီးကလပ်တွေဖြစ်တဲ့ ဒေါ့မွန်နဲ့ လေဗာကူဆင်တို့က သူ့ရဲ့ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ပြီး ဖောရက်စ်အသင်းဆီ ဆက်သွယ်မေးမြန်းမှုတွေ ရှိနေတယ်လို့ O Globo သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဘွန်ဒစ်လီဂါကလပ်တွေဘက်က အခုလို စိတ်ဝင်စားမှုတွေ ရှိနေပေမဲ့လည်း ဖောရက်စ်အသင်းကတော့ ဒီလူငယ်ကစားသမားကို လုံးဝလက်မလွှတ်ဖို့ အသင့်ဖြစ်နေပါတယ်။
ဒါပေမဲ့ လက်ရှိအငှားချထားတဲ့ ဗာစကိုဒဂါးမားအသင်းမှာ ကွီယာဘာနိုအတွက် ယူရို ၁၀ သန်းဖြင့် အပြီးသတ်ခေါ်ယူနိုင်မယ့် အခွင့်အရေးရှိနေသလို တခြားကလပ်အသင်းတွေရဲ့ကမ်းလှမ်းမှုရှိလာရင်လည်း အဲဒီကမ်းလှမ်းမှုအတိုင်း တူညီတဲ့ပမာဏနဲ့ လိုက်လျောညီထွေပြန်လည်ကမ်းလှမ်းခွင့် (matching right) ကိုပါ ရရှိထားပါတယ်။