အင်္ဂလန်လက်ရွေးစင်အသင်းမှ ချန်လှပ်ခံရတဲ့ အာနိုးလ်ရဲ့ ဆိုရှယ်မီဒီယာပို့စ်အပေါ် တူချယ်တုံ့ပြန်လာ
အင်္ဂလန်အသင်းနည်းပြသောမတ်စ်တူချယ်က ရီးရဲလ်မက်ဒရစ်နောက်ခံလူအာနိုးလ်ရဲ့ဆိုရှယ်မီဒီယာမှတဆင့် တုံ့ပြန်မှုကို နားလည်ပေးနိုင်တယ်လို့ ဆိုပါတယ်။
အခုမတ်လနိုင်ငံတကာသီတင်းပတ်အတွက် တူချယ်ထုတ်ပြန်ခဲ့တဲ့ ကစားသမား ၃၅ ဦးပါ အင်္ဂလန်အသင်းလူစာရင်းမှာ လီဗာပူးနောက်ခံလူဟောင်းအာနိုးလ်ကို မမြင်တွေ့ခဲ့ရပါဘူး။ ဒါကြောင့် ကစားသမားကိုယ်တိုင်က ဆိုရှယ်မီဒီယာပေါ်မှာ "ရီးရဲလ်မက်ဒရစ်မှလွဲလို့ တခြားဘာမှမရှိ" ဆိုပြီး ရေးသားခဲ့ပါတယ်။
ဒီအပေါ် ဘယ်လိုမြင်သလဲလို့ မေးမြန်းရာမှာတော့ တူချယ်က "အသင်းမှာ ရွေးချယ်မခံရလို့ အခုလို တုံ့ပြန်တာလား? ဒါက ဖြစ်သင့်ပါတယ်၊ တရားမျှတတဲ့ တုံ့ပြန်မှုပါပဲ။ ကျွန်တော်တို့အတွက်လည်း ဒါက တကယ်ကိုခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့အရည်အချင်း၊ သူ့ရဲ့ကစားသမားဘဝနဲ့ သူ အသင်းကို ဘာတွေလုပ်ပေးနိုင်သလဲဆိုတာအပေါ် သံသယဖြစ်စရာ လုံးဝမရှိပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
"စက်တင်ဘာ၊ အောက်တိုဘာနဲ့ နိုဝင်ဘာလတုန်းက သူ အသင်းမှာမရှိတဲ့အချိန်မှာ ကျွန်တော်တို့တွေ ကစားကွက်ပုံစံအသစ်တစ်ခုကို ဖန်တီးခဲ့ပါတယ်။ အဲ့ဒီကစားကွက်က အားစိုက်ထုတ်မှု (intensity) နဲ့ တက်ကြွမှုတွေအပေါ်မှာ အခြေခံထားပါတယ်။ နောက်ခံလူတွေလည်း ခံစစ်၊ တိုက်စစ် ပြေးလွှားကစားရတာနဲ့ အားစိုက်ကစားရတဲ့ ပုံစံမျိုးဖြစ်လို့ သူ့ရဲ့ကစားဟန်နဲ့ နည်းနည်းတော့ ကွဲပြားနေပါတယ်" လို့ တူချယ်က ရှင်းပြပါတယ်။
"အခုလက်ရှိ ကစားသမားတွေနဲ့ပဲ ကျွန်တော်တို့ ဆက်သွားနေတာပါ။ ပြီးခဲ့တဲ့ ဇွန်လတုန်းကတော့ သူ ကျွန်တော်တို့နဲ့အတူ ရှိခဲ့ပါတယ်။ သူက ဒုတိယအကြိမ် အခွင့်အရေးရရှိဖို့ ထိုက်တန်သူလည်း ဖြစ်နိုင်ပါတယ်။ ဒါ တကယ်ကို ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ သူကတော့ စိတ်ဓာတ်ကျမသွားဘဲ လက်ခံခဲ့ပါတယ်" လို့လည်း ဆိုပါတယ်။
"ကျွန်တော်တို့ ဆက်ပြီးတော့ စောင့်ကြည့်သွားရပါမယ်။ သူ့ရဲ့ နောက်ဆုံးအခြေအနေကိုသိရအောင် ရီးရဲလ်မက်ဒရစ်ပွဲစဉ်တွေနဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေကို ကွင်းထဲအထိသွားပြီး ကျွန်တော် ကိုယ်တိုင်ကြည့်ရှုသွားပါမယ်" လို့ ဆက်ပြောပါတယ်။
"သူက ကျွန်တော်တို့ရဲ့ရွေးချယ်စရာလူစာရင်းထဲမှာ ရှိနေဆဲဖြစ်သလို အားလုံးအတွက်လည်း အခွင့်အရေးရှိပါသေးတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ တခြားကစားသမားတွေက သူ့ထက် ပိုပြီး ရှေ့ရောက်နေပါတယ်" လို့ တူချယ်က နိဂုံးချုပ်ပြောကြားသွားပါတယ်။