ဂျိမ်းစ်ဂါနာကို ရောင်းထုတ်လိုက်တာ မှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ဆိုလာတဲ့ နစ်ကီဘတ်
မန်ချက်စတာယူနိုက်တက် အကယ်ဒမီဒါရိုက်တာဟောင်း နစ်ကီဘတ်က ဂျိမ်းစ်ဂါနာကို အဲဗာတန်အသင်းဆီ ဘာကြောင့်ပြောင်းရွှေ့ခွင့်ပြုခဲ့တာလဲဆိုတဲ့ အကြောင်းအရင်းကို ရှင်းပြခဲ့ပါတယ်။
လီဗာပူးသား ဂါနာဟာ ယူနိုက်တက်လူငယ်အဆင့်ဆင့်ကနေ တက်လာသူဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းနဲ့ အဲဗာတန်ကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
အခုအခါမှာတော့ ဂါနာဟာ အိုးထရက်ဖို့ဒ်ကို ပြန်လာဖို့ သတင်းတွေထွက်ပေါ်နေပြီး ဖလားသုံးလုံးအောင်မြင်မှုရရှိခဲ့ဖူးတဲ့ နစ်ကီဘတ်က Paddy Power နဲ့ အင်တာဗျူးမှာ "ကျွန်တော် ယူနိုက်တက်မှာရှိတုန်းက သူက လူငယ်လေးပဲရှိပါသေးတယ်၊ တကယ့်ကို ကောင်လေးကောင်းတစ်ယောက်ပါ။ သူ့မှာ အရည်အချင်းအစုံရှိတယ်၊ ဘောလုံးပေးပို့မှုတွေ ကောင်းသလို ခံစစ်လည်းကူနိုင်တယ်၊ ဖျက်ထုတ်တာတွေ၊ အပြေးနှုန်းတွေလည်း ကောင်းပါတယ်။ သူက (စတီဗင်) ဂျရတ်ရဲ့ အဆင့်နိမ့်ဗားရှင်းတစ်ခုလိုပါပဲ။ ဂျရတ်လောက်တော့ မတော်သေးပေမဲ့ သူ့ရဲ့ ကစားပုံက အဲဒီပုံစံမျိုးပါပဲ။ ခေတ်သစ်ကွင်းလယ်ကစားသမားတစ်ယောက် လုပ်နိုင်ရမယ့် အရာအားလုံးကို သူလုပ်နိုင်ပါတယ်။ ဂျင်မီ (ဂါနာ) ထွက်ခွာသွားတဲ့အချိန်တုန်းက သူဟာ ယူနိုက်တက်အသင်းကြီးမှာ ပုံမှန်ကစားနိုင်လောက်တဲ့ အဆင့်အတန်းမှာ မရှိသေးပါဘူး။ အဆင်မပြေခဲ့တာကြောင့် သူ တခြားတစ်နေရာကိုပြောင်းပြီး သူ့ရဲ့ကစားသမားဘဝကို အစကနေ ပြန်စတင်ခဲ့တာဟာ အမှန်ကန်ဆုံးပါပဲ။ ဂျင်မီက ကျွန်တော်ကစားခဲ့တဲ့ ပုံစံမျိုးနဲ့ နည်းနည်းဆင်ပါတယ်။ အရည်အချင်းအရှိဆုံးတော့ မဟုတ်ပေမဲ့ ထိပ်တန်းအဆင့်ရောက်ဖို့ သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ စိတ်ဓာတ်ကတော့ ကျွန်တော်မြင်ဖူးသမျှ ဘယ်သူနဲ့မဆို ယှဉ်လို့ရပါတယ်" လို့ ပြောကြားခဲ့ပါတယ်။