
ယူရိုပါလိဂ်ဆီမီးဖိုင်နယ်မတိုင်ခင် ဆွန်ဟောင်မင်ရဲ့စိုးရိမ်စရာဒဏ်ရာအခြေအနေကို ထုတ်ပြောပြလာတဲ့ ပိုစတီကိုဂလူ
တော့တင်ဟမ်ကပ္ပတိန်ဆွန်ဟောင်မင်အနေဖြင့် ကြာသပတေးနေ့၊ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့မှာ ပါဝင်ကစားနိုင်ရေးအတွက် ကြီးမားတဲ့သံသယတွေနဲ့ ရင်ဆိုင်လာရပါတယ်။ လတ်တလောခြေဖဝါးဒဏ်ရာရရှိနေတဲ့ ဆွန်ဟောင်မင်က ဖရန့်ဖတ်ကို အနိုင်ရရှိတဲ့ပွဲစဉ်အပြင် နော်တင်ဟမ်ဖောရက်စ်၊ လီဗာပူးတို့ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်တွေကိုပါ လွဲချော်ခဲ့ပါတယ်။
လွန်ခဲ့တဲ့သီတင်းပတ်အတွင်း ပိုစတီကိုဂလူက သောကြာနေ့မှာ အသင်းရဲ့လေ့ကျင့်ရေးကွင်းဆီ ဆွန်ဟောင်မင် ပြန်လာနိုင်လိမ့်မယ်လို့ အတည်ပြုခဲ့ပေမယ့် ဘိုဒိုဂလင့်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်နီးကပ်လာတာနဲ့အမျှ ကစားသမားနဲ့ ပတ်သက်လို့ ဘာမှမဆုံးဖြတ်ရသေးဘူးလို့ ရှင်းပြလာခဲ့ပါတယ်။ အန်ဖီးလ်ကွင်းရှုံးနိမ့်မှုအပြီး ပိုစတီကိုဂလူက ကြာသပတေးနေ့ပွဲစဉ်နဲ့ ဆွန်ဟောင်မင် ဘယ်လိုပုံစံမျိုးလွဲချော်သွားနိုင်လဲဆိုတဲ့အချက်ကို အလေးပေးပြောကြားခဲ့ပါတယ်။
BBC Sport နဲ့တွေ့ဆုံချိန် တော့တင်ဟမ်နည်းပြက “ ကြာသပတေးနေ့ပွဲစဉ်အတွက် ဆွန်ဟောင်မင်ပါဝင်ကစားနိုင်ဖို့ဆိုတာ ခက်ခဲလွန်းပါတယ်။ သူကိုယ်တိုင်ကလည်း ပွဲကစားနိုင်ဖို့ အပြင်းအထန် ကြိုးစားပါလိမ့်မယ်။ ပထမအကျော့ပွဲစဉ်အတွက် သူ မကစားနိုင်ဘူးဆိုရင်တောင် ဒုတိယအကျော့ပွဲစဉ်အတွက် သူ အဆင်ပြေနေဖို့ မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။
တော့တင်ဟမ်က အခုဘောလုံးရာသီ၊ ၁၉ ပွဲမြောက်လိဂ်ရှုံးပွဲအဖြစ် အန်ဖီးလ်မှာ ၅-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သလို သူတို့ကို အနိုင်ရရှိတဲ့ လီဗာပူးလည်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာခဲ့ပါတယ်။ဒီပွဲစဉ်က တော့တင်ဟမ်အတွက် ရာသီအဆုံးသတ်ကာလအရေးကြီးပွဲစဉ်မတိုင်ခင် ကြိုတင်ပြင်ဆင်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။ ပိုစတီကိုဂလူက “ ဒီနေရာမှာ ကြီးမားတဲ့အခွင့်အလမ်းတစ်ခု ရှိနေပါတယ်။ ကျွန်တော်တို့တွေက ဥရောပအဆင့်ဖိုင်နယ်တစ်ခုဆီရောက်ရှိဖို့ ကြိုးစားရာမှာ ကိုယ့်ရဲ့ခွန်အားတွေ၊ ကြိုးစားအားထုတ်မှုတွေနဲ့ အာရုံစိုက်မှုတွေကို ရင်းနှီးမြှုပ်နှံသွားရမယ်”လို့ ပြောပါတယ်။