လီဗာပူးမှာ ဆက်ရှိနေမလားဆိုတဲ့ မေးခွန်းတွေကိုဖြေဆိုဖို့ ရောဘတ်ဆန်ငြင်းဆန်ခဲ့
လီဗာပူးရဲ့ အရေးကြီး ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ဒုတိယအကျော့ပွဲစဉ်မတိုင်ခင် ရောဘတ်ဆန်က သူ့ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့မေးခွန်းတွေကို ဖြေကြားပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။
စကော့တလန်လက်ရွေးစင်ကစားသမားက ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ တော့တင်ဟမ်ဆီ ရောက်ရှိဖို့ အတော်လေးနီးစပ်ခဲ့ဖူးသလို သူ့ရဲ့လက်ရှိစာချုပ်သက်တမ်းကလည်း အခုလာမယ့်နွေရာသီမှာ ကုန်ဆုံးဖို့ရှိနေပါတယ်။
အနာဂတ်နဲ့ပတ်သက်လို့ မေးမြန်းလာမှုကို ရောဘတ်ဆန်က ပြီးခဲ့တဲ့သီတင်းပတ်၊ ပထမအကျော့ပွဲစဉ်ရှုံးနိမ့်မှုကြောင့် ဂါလာတာစာရေးကို ကျော်ဖြတ်ပြီး ကွာတားဖိုင်နယ်တက်ရောက်နိုင်ရေးအတွက်သာ အပြည့်အ၀အာရုံစိုက်ထားတယ်လို့ ရှင်းပြခဲ့ပါတယ်။
"ဒီအချိန်က အဲဒီအကြောင်းတွေကို ဆွေးနွေးရမယ့်အချိန်မျိုး မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်" လို့ ရောဘတ်ဆန်က ပြန်လည်ဖြေကြားခဲ့ပါတယ်။
"အရေးကြီးချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် ၂၄ နာရီအလိုမှာ ဘယ်သူကမှ ကိုယ့်ရဲ့အနာဂတ်အကြောင်း မပြောသင့်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ရှေ့မှာ တကယ်ကိုအရေးကြီးတဲ့ပွဲစဉ် ရှိနေပါတယ်။ ဒီအသင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ကျွန်တော့်ရဲ့ အာရုံစိုက်မှုအားလုံးက မနက်ဖြန်ပွဲစဉ်ကို အနိုင်ကစားပြီး ကွာတားဖိုင်နယ်တက်ရောက်သွားဖို့ပါပဲ။"
"ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ခက်ခဲတဲ့အနေအထားရောက်အောင် လုပ်ခဲ့မိလို့ အခုအချိန်မှာ အာရုံစူးစိုက်မှု အပြည့်ရှိနေဖို့ လိုပါတယ်။ အနာဂတ်အကြောင်း ပြောဖို့ အချိန်တွေ ရှိလာပါလိမ့်မယ်။ ဒါပေမဲ့ ဒီနေ့တော့ မဟုတ်ပါဘူး" လို့ ၎င်းက ဆိုပါတယ်။