တစ်ဦးချင်းကစားဟန်အပေါ် မှီခိုနေတဲ့အသင်းဆိုတဲ့ ကာရေဂါရဲ့ဝေဖန်မှုကို လီဗာပူးနည်းပြအန်းစလော့တုံ့ပြန်လာ
ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ တော့တင်ဟမ်နဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ စိတ်ပျက်စရာပွဲစဉ်အပြီး တစ်ဦးချင်းအရည်အသွေးတွေအပေါ် လီဗာပူးအသင်း မှီခိုအားထားနေရတယ်ဆိုတဲ့ ကာရေဂါရဲ့မှတ်ချက်နဲ့ပတ်သက်လို့ နည်းပြအန်းစလော့က တုံ့ပြန်လိုက်ပါတယ်။
ဒီပွဲစဉ်မှာ လီဗာပူးက ဆိုဘိုဆလိုင်းရဲ့ဖရီးကစ်သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ပွဲပြီးဆုံးခါနီးမှာ နောက်ဆုံးခြောက်ပွဲဆက်ရှုံးနိမ့်ထားတဲ့ တော့တင်ဟမ်ကို ချေပဂိုးပေးလိုက်ရလို့ အိမ်ကွင်းနိုင်ပွဲနဲ့ ဝေးကွာသွားခဲ့ပါတယ်။
ပွဲအပြီးမှာတော့ အိမ်ရှင်ပရိသတ်တွေရဲ့လှောင်ပြောင်မှု ထွက်ပေါ်လာခဲ့ပြီး နောက်ဆုံးလေးပွဲမှာ တစ်ပွဲသာ အနိုင်ရရှိထားတဲ့ လီဗာပူးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးမျှော်လင့်ချက်လည်း ထိခိုက်သွားခဲ့ပါတယ်။
Monday Night Football အစီအစဉ်မှာ လီဗာပူးနောက်ခံလူဟောင်း၊ Sky Sports ရဲ့ အားကစားဝေဖန်ရေးသမားဖြစ်သူ ကာရေဂါက “ဒီလီဗာပူးအသင်းမှာ အမှားအယွင်းတွေ အများကြီးရှိနေပါတယ်။ တိုက်စစ်ရော ခံစစ်မှာပါ ဘာတစ်ခုမှ ကောင်းကောင်း အလုပ်မဖြစ်တော့ပါဘူး။ ဒါပေမဲ့ ကျွန်တော့်အတွက် အသိသာဆုံးပျောက်ဆုံးနေတာကတော့ ဖိအားပေးကစားတဲ့ပုံစံ (Pressing) ပါပဲ။ ဒါဟာ နည်းပြကြောင့်လား ဒါမှမဟုတ် ကစားသမားတွေရဲ့ အရည်အသွေးကြောင့်လားဆိုတာ တစ်ရာသီလုံး ကျွန်တော် စဉ်းစားနေခဲ့ပါတယ်။ အသင်းတာဝန်ရှိသူတွေကတော့ 'ငါတို့ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံဖြစ်ခဲ့တယ်၊ အခုခေါ်ယူထားတဲ့ ကစားသမားတွေကလည်း အရင်လူတွေထက် ပိုကောင်းတယ်' လို့ တွေးနေကြပါလိမ့်မယ်။ အရည်အချင်းပိုင်းမှာ ငြင်းစရာမရှိပေမဲ့ လီဗာပူးက အသင်းလိုက်ကစားတဲ့ အသင်းမဟုတ်တော့ဘဲ တစ်ဦးချင်းအစွမ်းအစကိုပဲ အားကိုးနေတဲ့အသင်း ဖြစ်နေပါတယ်” လို့ ဝေဖန်ခဲ့ပါတယ်။
အဆိုပါဝေဖန်မှုကို အန်းစလော့ပြန်လည်တုံ့ပြန်ရာမှာတော့ သူ့ကစားသမားတွေသာ အရှုံးပေးချင်စိတ်ရှိရင် အစောကြီးကတည်းက လက်လျှော့သွားကြလိမ့်မယ်လို့ ဆိုပါတယ်။ “ဒီရာသီမှာ ကာရေဂါပြောခဲ့တဲ့ အချက်တော်တော်များများကို ကျွန်တော် သဘောတူပေမဲ့ အခုပြောတဲ့အချက်ကိုတော့ သဘောမတူပါဘူး။ ချေပဂိုးပေးလိုက်ရပြီးနောက်ပိုင်းမှာလည်း အဲဒီလိုပုံစံမျိုးကို ကျွန်တော် မတွေ့ရပါဘူး။ ဒီရာသီမှာ စိတ်ပျက်စရာတွေ အများကြီးကြုံခဲ့ရလို့ ကစားသမားတွေသာ လက်လျှော့ချင်တယ်ဆိုရင် ဒါက ထူးဆန်းတဲ့ကိစ္စ မဖြစ်လာတော့ပါဘူး။ ဒါပေမဲ့ သူတို့ လက်မလျှော့ခဲ့ကြဘူး။"
“ဥပမာတစ်ခုပြရရင် တော့တင်ဟမ်အသင်းတန်ပြန်တိုက်စစ်စတင်ချိန် ကျွန်တော်တို့ကစားသမား ခုနစ်ဦး၊ ရှစ်ဦးလောက်က ကိုယ့်ဂိုးဧရိယာအထိ အပြေးအလွှား ပြန်ဆင်းကူခဲ့ကြတာကို ခင်ဗျားတို့လည်း တွေ့ရပါလိမ့်မယ်။ အဲဒီမှတဆင့် ပြိုင်ဘက်ရဲ့ကန်ချက်ကို ပိတ်ဆို့နိုင်ခဲ့ပြီး တန်ပြန်တိုက်စစ်စတင်ကာ အီကီတီကီအတွက် အခွင့်အရေးကို ရရှိစေခဲ့ပါတယ်။ အရှုံးပေးထားတဲ့အသင်း၊ တစ်ဦးချင်းပဲကစားတဲ့အသင်း ဒါမှမဟုတ် စုစည်းမှုမရှိတဲ့အသင်းဆိုရင် အခုလို အခက်အခဲတွေကြားထဲမှာ ဒီလောက်အထိ ရုန်းကန်ပြမှာ မဟုတ်ပါဘူး။ သူ ဘာကြောင့် ဒီလိုပြောလဲ၊ ဘယ်လိုဥပမာတွေကြောင့် ဒီလိုယူဆလဲဆိုတာ ကျွန်တော် မသိပါဘူး။ ထပ်ပြောရရင် သူပြောတဲ့အချက်တချို့ကို ကျွန်တော် သဘောတူပြီး ကိုယ်တိုင်လည်း မြင်နေရတာတွေ ရှိပါတယ်၊ အမြဲတမ်းတော့ ထုတ်ပြောလို့ မရဘူးပေါ့။ ဒါပေမဲ့ ဒီတစ်ချက်ကိုတော့ သဘောမတူပါဘူး” လို့ အန်းစလော့က မီဒီယာတွေဆီ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ပတ်သက်လို့ အန်းစလော့က “ပရိသတ်တွေ စိတ်ပျက်တယ်ဆိုတာကို ဘယ်သူမှ မလိုလားပါဘူး။ နိုင်ပွဲမရရင် စိတ်ပျက်တယ်ဆိုတာ သဘာဝပါပဲ။ ကျွန်တော် ဒီကို စရောက်လာချိန် ဒီကလပ်အသင်းက တခြားအသင်းတွေနဲ့မတူဘဲ ပရိသတ်တွေကိုယ်တိုင် နည်းပြကို အချိန်အကြာကြီးအားပေးလေ့ရှိတယ်လို့ ကြားခဲ့ရပါတယ်။ တကယ်လို့ ပရိသတ်တွေ စိတ်မရှည်ဖြစ်နေကြတယ်ဆိုရင်တောင် ကျွန်တော်ကတော့ အဲဒီလိုမျိုး လုံးဝ မခံစားရသေးပါဘူး။ တကယ်လို့ အဲဒီလိုသာဖြစ်နေရင် ကျွန်တော် အမှားတွေ အများကြီးလုပ်ထားမိလို့ပဲ ဖြစ်ပါလိမ့်မယ်။ ဒါ ခံစားချက်ကောင်းတော့ မဟုတ်ဘူးပေါ့” လို့ ဖြည့်စွက်ပြောကြားသွားခဲ့ပါတယ်။