ဘိုဒိုဂလင့်နဲ့ပွဲမှာ နှစ်ဂိုးပြတ်ရှုံးနိမ့်ထားမှုကို ပြောင်းပြန်လှန်နိုင်မယ်လို့ ယုံကြည်နေတဲ့ အင်တာမီလန်နည်းပြချီဗူး
ဘိုဒိုဂလင့်အပေါ် ပထမအကျော့နှစ်ဂိုးပြတ်ရှုံးနိမ့်ထားမှုကို အင်တာမီလန်တို့ ပြန်လည်အနိုင်ယူပြီး ချန်ပီယံလိဂ် ၁၆-သင်းရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်လိမ့်မယ်လို့ ခရစ်ရှန်ချီဗူးက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
အင်တာမီလန်က ပြီးခဲ့တဲ့သီတင်းပတ်၊ နော်ဝေမြေမှာ ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့လို့ လက်ရှိအီတလီချန်ပီယံနာပိုလီအသင်းလိုပဲ ဥရောပထိပ်တန်းပြိုင်ပွဲမှထွက်ခွာရမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။
အင်္ဂါနေ့၊ ဆန်စီရိုကွင်းပွဲစဉ်မတိုင်ခင် ချီဗူးက "ကျွန်တော်တို့မှာ ဘာဖိအားမှမရှိပါဘူး။ လုပ်ရမယ့်တာဝန်တစ်ခုပဲ ရှိပါတယ်။ ကွင်းထဲဆင်းပြီး ကျွန်တော်တို့လုပ်နိုင်မယ့်အရာတွေကို အကောင်းဆုံးလုပ်ပြဖို့ပဲ လိုပါတယ်" လို့ သတင်းထောက်တွေဆီ ပြောကြားခဲ့ပါတယ်။
"ဒီရလဒ်ကို ပြန်လှန်ပစ်နိုင်မယ့်အသင်း ရှိတယ်ဆိုရင် အဲဒါဟာ ကျွန်တော်တို့ပဲဆိုတာကို သိထားပြီး ကွင်းတွင်း ဝင်ရောက်လာရပါမယ်။ မိမိကိုယ်ကိုယ်ယုံကြည်မှု မပျောက်ဆုံးသွားစေဖို့ လိုပါတယ်။ ပလေးအော့ဖ်အဆင့်မှ နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးရချင်တယ်ဆိုရင် ကျွန်တော်တို့ရဲ့အကောင်းဆုံးပုံစံကို ထုတ်ပြနိုင်ဖို့ လိုပါတယ်" လို့ ၎င်းက ဆိုပါတယ်။
အခုပွဲစဉ်မှာ အင်တာမီလန်က အသင်းခေါင်းဆောင်တိုက်စစ်မှူးလော်တာရိုမာတီနက်ဇ်ကို လက်လွှတ်ထားရသလို မကြာသေးမီသီတင်းပတ်တွေအတွင်း ကြွက်သားဒဏ်ရာကြောင့် ရုန်းကန်နေရတဲ့ အဓိကကွင်းလယ်ကစားသမားကယ်လ်ဟာနိုဂလူရဲ့အခြေအနေနဲ့ပတ်သက်လို့လည်း ချီဗူးက တစ်စုံတစ်ရာ အတည်ပြုပြောကြားခြင်း မရှိသေးပါဘူး။
ဒီပွဲစဉ်မှာအနိုင်ရရှိမယ့်အသင်းက လာမယ့်လအတွင်း ကျင်းပသွားမယ့် ချန်ပီယံလိဂ်နောက်ဆုံး ၁၆-သင်းရှုံးထွက်အဆင့်မှာ မန်စီးတီး(သို့မဟုတ်)စပို့တင်းလစ္စဘွန်းနဲ့ ရင်ဆိုင်သွားရပါမယ်။
ဘိုဒိုဂလင့်အသင်းက အခုရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပထမဆုံးအကြိမ်ပါဝင်ယှဉ်ပြိုင်တာဖြစ်ပေမဲ့ အုပ်စုအဆင့်ပွဲစဉ်တွေမှာ မန်စီးတီး၊ အက်သလက်တီကိုမက်ဒရစ်တို့လို အသင်းကြီးတွေကို အံ့အားသင့်ဖွယ် အနိုင်ယူကာ ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။