နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာ ဝီလ်ဆင် ပြန်ပါလာမယ်လို့ အတည်ပြုလိုက်တဲ့ ဖူလ်ဟမ်နည်းပြဆေးလ်ဗား
လာမယ့်တနင်္ဂနွေနေ့မှာကစားမယ့် နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်အတွက် ဒဏ်ရာမှပြန်သက်သာလာတဲ့ ဖူလ်ဟမ်ကွင်းလယ်လူဟယ်ရီဝီလ်ဆင် ပါဝင်ကစားနိုင်ပါလိမ့်မယ်။
ပြီးခဲ့တဲ့နှစ်ပတ်လောက်ကတည်းက ဝီလ်ဆင်က ခြေကျင်းဝတ်ဒဏ်ရာနဲ့အတူ အသင်းမှာ မပါဝင်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ အခုလာမယ့်တနင်္ဂနွေနေ့၊ နော်တင်ဟမ်ဖောရက်စ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မှာတော့ ပြန်လည်ပါဝင်လာဖို့ ရှိနေပါပြီ။
"ဟယ်ရီဝီလ်ဆင်ကတော့ ရွေးချယ်စရာလူစာရင်းထဲမှာ ပါဝင်လာပါမယ်။ မနက်ဖြန်မှာလည်း ကျွန်တော်တို့ နောက်ထပ်လေ့ကျင့်ရေးအစီအစဉ်တစ်ခု ရှိပါသေးတယ်" လို့ ဖူလ်ဟမ်နည်းပြမာကိုဆေးလ်ဗားက သောကြာနေ့၊ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေဆီ ပြောကြားခဲ့ပါတယ်။
လာမယ့်ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဝီလ်ဆင်က အခုရာသီ၊ ဖူလ်ဟမ်အသင်းမှာ အကောင်းဆုံးခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ ၃၂ ပွဲကစား၊ ၁၀ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ခုနစ်ကြိမ်အထိ ပြုလုပ်ထားပါတယ်။