The network connection is lost.

Banner Image

အီဆက်ခ်ရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်လို့ သတင်းကောင်းပြောပြလာတဲ့ လီဗာပူးနည်းပြအန်းစလော့

လီဗာပူးနည်းပြအန်းစလော့က ဂါလာတာစာရေးနဲ့ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် ဒဏ်ရာရရှိနေတဲ့တိုက်စစ်မှူးအီဆက်ခ်ရဲ့အခြေအနေနဲ့ပတ်သက်လို့ အပြုသဘောဆောင်တဲ့ သတင်းစကားတစ်ခုကို ပြောကြားခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ်တိုက်စစ်မှူးက ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း တော့တင်ဟမ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခြေထောက်အရိုးကျိုးသွားလို့ အချိန်အတော်ကြာ အနားယူနေခဲ့ရပါတယ်။

ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၁၂၅ သန်းတန် ငှက်ကျားတိုက်စစ်မှူးဟောင်းက လီဗာပူးအတွက် ၁၆ ပွဲကစားပေးထားပြီး သုံးဂိုးသွင်းယူခဲ့ပါတယ်။

ဂါလာတာစာရေးနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်၊ ဒုတိယအကျော့ပွဲစဉ်မတိုင်ခင် သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာတော့ အန်းစလော့က အခုလိုပဲ ပြောကြားခဲ့ပါတယ်။

"အီဆက်ခ်က မနက်ဖြန်ပွဲစဉ်အတွက်တော့ မပါဝင်နိုင်သေးပါဘူး။ ဒါပေမဲ့ ကွင်းထဲမှာ သူ လေ့ကျင့်ခန်းပြန်ဆင်းနေတယ်ဆိုတာကတော့ အသင်းနဲ့အတူ ပြန်ပူးပေါင်းနိုင်ဖို့ ပိုပြီးနီးစပ်လာပြီဆိုတာကို ပြသနေတာပါပဲ" လို့ အန်းစလော့က အတည်ပြုပြောကြားခဲ့ပါတယ်။

ဘယ်တော့လောက် ပြန်ကစားနိုင်မလဲဆိုတဲ့ တိကျတဲ့ရက်စွဲကို မေးမြန်းရာမှာတော့ ဒတ်ခ်ျလူမျိုးနည်းပြက "အတိအကျတော့ မပြောနိုင်သေးပါဘူး။ လာမယ့်စနေနေ့(ဘရိုက်တန်နဲ့အဝေးကွင်းပွဲ)မှာလည်း မပါဝင်နိုင်ပါဘူး။ အသင်းနဲ့အတူ လေ့ကျင့်ခန်းမဆင်းနိုင်သေးသရွေ့တော့ ကစားဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ပဲ ယူဆရပါမယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။