The network connection is lost.

Banner Image

ခရစ္စတယ်ပဲလေ့စ်ရဲ့စိတ်ဝင်စားမှုတွေရှိနေပေမယ့် ဂျွန်ဆန်က တော့တင်ဟမ်ကစားသမားဖြစ်နေဆဲလို့ ဖရန့်ခ်အခိုင်အမာပြော

တော့တင်ဟမ်နည်းပြ သောမတ်စ်ဖရန့်ခ်က အသင်းရဲ့တောင်ပံကစားသမား ဘရန်နန်ဂျွန်ဆန်ကို ခရစ္စတယ်ပဲလေ့စ်က စိတ်ဝင်စားပြီး ဝယ်ယူဖို့ပြင်နေပေမယ့် အသင်းရဲ့ကစားသမားအဖြစ်သာဆက်လက်ကျန်ရှိနေဆဲဖြစ်တယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ မကြာသေးမီကထွက်ပေါ်ခဲ့တဲ့သတင်းတွေအရ ခရစ္စတယ်ပဲလေ့စ်ဟာ ဂျွန်ဆန်ကိုခေါ်ယူဖို့ တော့တင်ဟမ်နဲ့ သဘောတူညီမှုရရှိထားပြီး ပြောင်းရွှေ့ကြေးကို ပေါင် ၃၅ သန်းလို့သတ်မှတ်ထားပေမယ့် တော့တင်ဟမ်ဘက်ကတော့ ကစားသမားကိုထွက်ခွာခွင့်ပေးဖို့ မီးစိမ်းမပြသေးဘူးလို့သိရပါတယ်။

အဆိုပါနော်တင်ဟမ်ဖောရက်စ်ကြယ်ပွင့်ဟောင်းကို ဘုန်းမောက်ကလည်း စိတ်ဝင်စားနေပြီး ဇန်နဝါရီမှာ အသင်းကနေထွက်ခွာသွားဖွယ်ရှိတဲ့တိုက်စစ်မှူး အန်တိုနီဆီမီညိုနေရာမှာ အစားထိုးဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ဖရန့်ခ်က "ဂျွန်ဆန်က ထိပ်တန်းပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်ပါ။ ကျွန်တော်တို့နဲ့အတူ ပုံမှန်အတိုင်း လေ့ကျင့်ရေးဆင်းနေပါတယ်။ လာမယ့်ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ သူပါဝင်ကစားနိုင်မယ်လို့လည်း အပြည့်အဝ မျှော်လင့်ထားပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

တော့တင်ဟမ်ဟာ ဂျွန်ဆန်ကို ၂၀၂၃ ခုနှစ်နွေရာသီမှာ နော်တင်ဟမ်ဖောရက်စ်မှပြောင်းရွှေ့ကြေး ပေါင် ၄၇.၅ သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပြီး ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်နဲ့ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာသွင်းယူခဲ့တဲ့ အနိုင်ဂိုးအပါအဝင် စုစုပေါင်း ၁၈ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။ 

ယခုနှစ်ရာသီအစ နည်းပြ အန်ဂျီပိုစတီကိုဂလူရဲ့နေရာမှာ ဖရန့်ခ်အစားထိုးဝင်ရောက်လာပြီးနောက်မှာတော့ ဂျွန်ဆန်အနေနဲ့ အသင်းမှာပုံမှန်နေရာမရတော့ဘဲ မိုဟာမက်ကူဒက်စ်နောက် အရန်ကစားသမားအဖြစ်သာ ရပ်တည်နေရတာဖြစ်ပါတယ်။ 

ယခုရာသီတော့တင်ဟမ်အတွက် ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၂၂ ပွဲမှာ ဂျွန်ဆန်ဟာ ၄ ဂိုးသာသွင်းယူထားနိုင်ခဲ့ပြီး ကစားသမားအနေနဲ့ အသင်းကနေထွက်ခွာဖို့ စိတ်အားထက်သန်နေတယ်လို့ သတင်းတွေထွက်ပေါ်ထားပါတယ်။ တစ်ချိန်တည်းမှာပဲ ခရစ္စတယ်ပဲလေ့စ်နည်းပြ အိုလီဗာဂလက်စ်နာကလည်း ဂျွန်ဆန်ကိုစိတ်ဝင်စားနေတာကြောင့် ဝေးလ်လက်ရွေးစင်ဟာ ပဲလေ့စ်နဲ့ချိတ်ဆက်ဖို့ အခွင့်အရေးရခဲ့တာဖြစ်ပါတယ်။ 

ရာသီအစမှာ တောက်လျှောက်ပုံစံကောင်းရခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်ဟာ လက်ရှိနောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲဆက်နိုင်ပွဲပျောက်ဆုံးထားပြီး နည်းပြဂလက်စ်နာက အသင်းဟာတိုက်စစ်ပိုင်းအင်အားဖြည့်တင်းဖို့လိုအပ်နေကြောင်း ပြောကြားထားပါတယ်။ 

ဂလက်စ်နာက "ကျွန်တော်တို့ပွဲတွေကိုကြည့်မယ်ဆိုရင် ဘယ်နေရာမှာလိုအပ်ချက်ရှိနေလဲ လူတိုင်းသိနိုင်ပါတယ်။ ကျွန်တော်တို့မှာလိုအပ်မှုတွေရှိနေပေမယ့် ဒါကအသင်းရဲ့ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်နေပါတယ်။ တိုက်စစ်ပိုင်းမှာ ဂိုးတွေရဖို့ခက်ခဲနေပေမယ့် ကျွန်တော်လုပ်နိုင်တာကတော့ အသင်းရဲ့ကစားသမားတွေကို စိတ်ဓာတ်တွန်းအားပေးဖို့နဲ့ အပြုသဘောဆောင်ဖို့ပဲရှိပါတယ်" လို့ပြောကြားခဲ့ပါတယ်။