အန်ဒရီအိုနာနာနဲ့ ပတ်သက်လို့ အမှန်တရား
အိုနာနာပြောတဲ့ သူ့ဘဝ၊ သူ့ဇာတ်ကြောင်း (ဇာတ်သိမ်း)
===============================
ဒါပေမဲ့ ကျွန်တော် အရမ်းကိုစိတ်တွေလှုပ်ရှားပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းတောင်မသိခဲ့ပါဘူး။ ပထမပွဲမှာ ဝီလျံ II အသင်းကို ၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး နောက်ရက်မှာတော့ ကျွန်တော်လည်း အဲဒီပွဲအကြောင်း ရေးထားတဲ့သတင်းတွေ ဖတ်ခဲ့ပါတယ်။ ဒါပေမဲ့ နည်းပြကြီး သဘောကျစေဖို့ ကျွန်တော့်မှာ အခွင့်အရေးက ၂ပွဲကျန်နေပါသေးတယ်။ နောက်တစ်ပွဲက အီးဂဲလ်အသင်းနဲ့ပါ။ အဲဒီမှာ နောက်ခံလူ ဒါဗင်ဆင်ဆန်းချက်ဇ်က ပင်နယ်တီဧရိယာထဲ ဥပဒေပကစားခဲ့လို့ ကျွန်တော်တို့အသင်း ပင်နယ်တီပေးလိုက်ရတယ်။
ကျွန်တော်လည်း ကိုယ့်အခွင့်အရေးလေးတော့ သွားပါပြီကွာလို့ ထင်လိုက်ပါတယ်။ ပြီးတော့ ဆန်းချက်ဇ်ကိုလည်း အတော်လေးဒေါသထွက်သွားတယ်။ သူ့ကိုလည်း ''ဘာလို့ အဲဒီလိုသွားလုပ်လိုက်တာလဲသူငယ်ချင်းရယ်။ ငါ နောက်ထပ်အခွင့်အရေးရမှာမဟုတ်တော့ဘူး။ သူတို့က ငါ့ကို သတ်ကြတော့မှာ''လို့လည်း ပြောလိုက်ပါတယ်။ အားလုံး မျှော်လင့်ထားတဲ့အတိုင်း အဲဒီပင်နယ်တီကို ကျွန်တော် ကာကွယ်လိုက်ပြီး အသင်းလည်း အနိုင်ရခဲ့ပါတယ်။ အဲဒီ ၃ပွဲအလွန်မှာ ကျွန်တော်လည်း အသင်းရဲ့ဦးစားပေးဂိုးသမားဖြစ်လာပြီး ၅ ရာသီအတွင်း ဆုဖလားတွေ ရယူနိုင်ခဲ့သလို ဥရောပရဲ့ထိပ်တန်းဂိုးသမားတစ်ဦးလည်းဖြစ်လာပါတယ်။
အဲဒီလိုနဲပ ၂၀၂၁ ဖေဖော်ဝါရီလမှာ ကျွန်တော်လုပ်ခဲ့သမျှအရာအားလုံး ပြန်လည်သိမ်းယူခြင်းခံလိုက်ရသလို ခံစားခဲ့ရပါတယ်။ မယ်လာနီ၊ ကျွန်တော့်မိသားစုနဲ့ အသင်းဖော်တွေအားလုံး အမှန်တရားကို သိကြပါတယ်။ ဒါပေမဲ့ တခြားလူတွေကတော့ အဲဒီလိုမသိကြပါဘူး။ သူတို့က ''အိုနာနာတော့ ဆေးမှုနဲ့ ပွဲပယ်ခံလိုက်ရပြီ''လို့ သတင်းတွေက ခေါင်းစဉ်တပ်ကြတယ်။ တချို့ကလည်း ကျွန်တော် ဆေးစွဲနေပြီလို့ ပြောကြတယ်။ အေဂျက်စ်အသင်းဖော်တွေက ပီအက်စ်ဗွီနဲ့ပွဲမတိုင်ခင် ကျွန်တော့်နာမည်ရေးထားတဲ့အင်္ကျီတွေ ဝတ်ဆင်ပြီး ထောက်ခံကြောင်း ပြသခဲ့ပြီးနောက် ဆိုရှယ်မီဒီယာတွေကနေ တစ်ကမ္ဘာလုံးက နှစ်သိမ့်အားပေးစာတွေ လက်ခံရရှိခဲ့ပါတယ်။
အသင်းဖော်တွေ၊ နည်းပြတွေရဲ့အားပေးစကားသံတွေ တစ်နေ့လုံးကြားရပေမယ့် ကိုယ့်ကိုယ်ကိုယ် အထီးကျန်နေတယ်လို့ ခံစားနေရဆဲပါပဲ။ ဘယ်လောက်များမတရာလိုက်လဲဆိုတာဗျာ။ စည်းမျဉ်းက စည်းမျဉ်းပဲ ဆိုတာ လက်ခံထားပေမယ့် တစ်ခါတလေ စိတ်ထဲ တွေးမိတာက အဲဒီလိုလုပ်တာဟာ သင်ခန်းစာရစေချင်လို့လား ဒါမှမဟုတ် နာကျင်စေချင်တာလားဆိုပြီးတော့ အတွေးဝင်မိပါတယ်။ ကျွန်တော့်ပတ်ဝန်းကျင်မှာလည်း အခြေအနေတွေ ပြောင်းလဲသွားတယ်။ ရယ်နေတဲ့လူတွေက အရယ်ရပ်သွားသလို ပြုံးပျော်နေတဲ့လူတွေလည်း အပြုံးတွေ ပျောက်ကွယ်သွားတယ်။
တချို့ကျတော့လည်း လူပါ ပျောက်သွားပါတယ်။ ကျွန်တော်လည်း အေဂျက်စ်အသင်းက ကိုယ့်အတွက် ချမှတ်ပေးထားတဲ့ ပရိုဂရမ်အတိုင်း စပိန်မှာ တစ်ယောက်တည်း ထရိန်နင်ဆင်းခဲ့ပါတယ်။ ထရိန်နာတွေနဲ့အတူ ထရိန်နင်ဆင်းရင်း ကျွန်တော်လည်း ဆက်ရှင်တိုင်းကို ၂ဆ တိုးလုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော့်ထရိန်နာက ဆာလူးဒေသခံအသင်းက ဂိုးသမားတွေပါ ခေါ်လာပြီး ကျွန်တော်နဲ့အတူ ထရိန်နင်ဆင်းစေခဲ့ပါတယ်။ အဲဒီမှာ သူတို့နဲ့ စကားပြောရင်း သိနားလည်လာတာတစ်ခုက ဘာလဲဆိုတော့ ဘဝမှာ ပါရမီပါတိုင်း မလုံလောက်နိုင်ဘူးဆိုတာပေါ့။ ကျွန်တော့်ကို ရွေးချယ်ခဲ့လို့ ဘောလုံးနတ်ဘုရားတွေကို ကျေးဇူးတင်ပါတယ်။
အဲဒီအရာတွေကြောင့်ပဲ ကျွန်တော့်ရဲ့အမြင်တွေလည်း ပြောင်းလဲသွားပါတယ်။ ကျွန်တော့်အနေနဲ့ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပေမယ့် ကိုယ့်ရဲ့အထူးအခွင့်အရေးနဲ့ ကံကြမ္မာတို့ကို ကျေးဇူးတင်လာပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနှစ်ထဲမှာ ပြန်လည်အာရုံစိုက်ဖို့ လိုအပ်နေပါတယ်။ ပွဲပယ်ခံရတာ ကောင်းတဲ့အရာမဟုတ်ပေမယ့် အဲဒီလိုပွဲပယ်ခံရလို့ ကျွန်တော်လည်း ဘာက တကယ်အရေးကြီးလဲဆိုတာ သိနားလည်သွားပါတယ်။ အရင်တုန်းက တစ်ခါမှမလုပ်ဖူးတဲ့ပုံစံမျိုးနဲ့ ထရိန်နင်အပြင်းအထန်ဆင်းတယ်။ ပြောရရင် စက်ပစ္စည်းတစ်ခုလိုပေါ့။ အဲဒီအချိန်မှာ ကျွန်တော့်ကိုမြင်တဲ့ ဘယ်သူမဆို ဒီဘဲက ပွဲကစားခွင့်ပိတ်ပင်ခံထားရတဲ့ကစားသမားဆိုတဲ့အတွေးမျိုး ဝင်မှာမဟုတ်ဘူး။
ပြီးခဲ့တဲ့နွေရာသီအတွင်း အားကစားဆိုင်ရာအထူးခုံရုံးက ကျွန်တော့်ရဲ့ပွဲပယ်ပြစ်ဒဏ်ကို ၁၂ လကနေ ၉ လကို လျှော့ချပေးလိုက်တော့ ကျွန်တော်လည်း ချန်ပီယံလိဂ်ဖလားရသလိုမျိုး အောင်ပွဲခံခဲ့ပါတယ်။ ပြီးတော့ ခုံရုံးကနေပြီး ကျွန်တော့်ရဲ့အမှားတွေကြောင့်မဟုတ်ဘူးလို့လည်း ကြေညာပါတယ်။ အဲဒီကြေညာချက်က ကျွန်တော့်ရဲ့ အမည်းစက်ကို အားလုံးဖျက်ပေးနိုင်တာမျိုးမဟုတ်ပေမယ့် နည်းနည်းတော့ အရေးပါခဲ့ပါတယ်။ အဲဒီလိုပြစ်ဒဏ်လျှော့ချပေးလိုက်လို့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ကင်မရွန်းအသင်းနဲ့အတူ ပါဝင်ကစားးခွင့်ရခဲ့တာက အားလုံးထက်ပိုကောင်းတဲ့အရာဖြစ်ခဲ့ပါတယ်။
ကျွန်တော်ဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားဖြစ်ဖို့ ရည်မှန်းထားပါတယ်။ ဘဝမှာ အားလုံးလည်း အနိမ့်အမြင့်၊ အတက်အကျတွေဆိုတာ ရှိကြပါတယ်။ ဒီနှစ်ထဲမှာ ကျွန်တော် လေ့လာသင်ယူခဲ့တာကတော့ လဲကျနေရာကနေ ဘယို အကောင်းဆုံးပြန်ရုန်းထမလဲဆိုတာပါပဲ။