မန်ချက်စတာမှာ ၁၀ နှစ်လောက်အထိနေချင်ကြောင်း ယူနိုက်တက်စတား ထုတ်ဖော်ပြောကြား
ယူနိုက်တက်ဂိုးသမား လန်မန်းက သူ့အနေနဲ့ အိုနာနာနဲ့အားပြိုင်ဖို့ကို မထိတ်လန့်ကြောင်း ပြောကြားလိုက်သလို ယူနိုက်တက်မှာ ကာလရှည်နေဖို့စဉ်းစားထားကြောင်း ပြောကြားလိုက်ပါတယ်။
ယူနိုက်တက်မှာ ဗန်ဒါဆား နဲ့ ရှမိုက်ကယ်တို့လိုဂန္ထဝင်တွေရှိနေလသို ဒီဂီယာကလည်း သက်တော်ရှည်ကစားသမားအဖြစ် အချိန်တစ်ခုကြာကစားခဲ့တာဖြစ်ပါတယ်။ အိုနာနာက စပိန်သားနေရာမှာ အစားဝင်လာပြီးနောက် လက်စွမ်းကောင်းတွေပြသနိုင်ခဲ့ပေမယ့် အမှားတွေကြောင့် နွေရာသီမှာ ထရာဇွန်စပေါလ်အသင်းထံ အငှားထွက်ကစားခဲ့ရပါတယ်။
အိုနာနာထွက်ခွာမှုကြောင့် အာမိုရင်ဟာ ဘာရင်ဒါကိုယုံကြည်မှုပေးခဲ့ပေမယ့် တူရကီသားဟာ ဖိအားတွေကြောင့် နံပတ် ၁ ဂိုးသမားနေရာကို မထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။ အဲ့နောက် ယူနိုက်တက်ဟာ နွေရာသီအပြောင်းအရွှေ့မှာ အသက် ၂၃ နှစ်သား လန်မန်းကို ခေါ်ယူခဲ့ပါတယ်။ လန်မန်းရောက်လာမှုနဲ့အတူ ယူနိုက်တက်ဟာ အခြေအနေပြန်လည်တိုးတက်လာခဲ့ပြီး ၃ ပွဲမှာ ၃ ပွဲအနိုင် ၊ ၁ ပွဲပေးဂိုးမရှိအနေအထားဖြစ်လာခဲ့ပါတယ်။ လန်းမန်းက ဘယ်လ်ဂျီယံသတင်းဌာန HLN နဲ့အင်တာဗျူးမှာ ဒီဂီယာနောက်ပိုင်းကတည်းက ယူနိုက်တက်ဂိုးသမားတိုင်း တုန်လှုပ်နေကြတယ်လို့ ပြောကြားခဲ့ပါတယ်။
“ပြီးခဲ့တဲ့နှစ်တွေကတည်းက ဂိုးသမားနေရာနဲ့ပတ်သက်ပြီး ပွက်လောရိုက်ခဲ့တာပါ။ သူတို့ အနုတ်လက္ခဏာဆောင်တဲ့မှတ်ချက်တွေအများကြီးရခဲ့ပါတယ်။ ကျွန်တော်ကတော့ အဲ့တာနဲ့ပတ်သက်ပြီး မစိုးရိမ်ပါဘူး။ ကျွန်တော် ဒီမှာ ၁၀ နှစ်လောက်ကစားချင်သလို အသင်းရဲ့ဂန္ထဝင်ဖြစ်ချင်ပါတယ်။ အဲ့တာက ကာလရှည်ပစ်မှတ်ပါ။ ပရိသတ်တွေဆီကနေ ကျွန်တော့်နာမည်သီဆိုတာကို ကြားရတာ အံ့ဖွယ်ပါ။ ပထမပွဲအပြီးမှာ ကြီးမားတဲ့အရာပါ။ ကျွန်တော် သူတို့ရဲ့စိတ်အားထက်သန်မှုကို စိတ်မပျက်စေချင်ပါဘူး။
ကျွန်တော် ရှမိုက်ကယ်လိုဖြစ်လာဖို့ အများကြီးသက်သေပြရပါဦးမယ်။ ပွဲအပြီးတစ်ခုတုန်းက ကျွန်တော် သူရှိတဲ့ဆီကိုသွားခဲ့ပါသေးတယ်။ သူက အရမ်းခင်ဖို့ကောင်းသလို သူနဲ့နှိုင်းဖို့ဆိုတာ ခက်ခဲသေးတယ်ဆိုတာ သူသိပါတယ်။ သူက အသင်းအတွက်ရှိနေတာလို့ ကျွန်တော့်ကိုပြောခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်အပေါ်မှာပြောခဲ့သလို သက်သေပြဖို့အများကြီးလုပ်ရဦးမှာပါ။ အခုလိုမျိုးကြားရလို့ ဝမ်းသာမိပါတယ်။ အခြေအနေတွေဆိုးဝါးလာရင် ခင်ဗျားကိုအပြစ်တင်ကြမှာဖြစ်သလို အဆင်ပြေခဲ့ရင်လည်း ခင်ဗျားကိုချီးကျူးကြမှာပါ။ ကျွန်တော်ကတော့ လူတွေပြောတာကို မစိုးရိမ်ပါဘူး။ ဒါပေမယ့် ကျွန်တော် ဆန်းဒါးလန်းနဲ့ပွဲက ပွဲဦးထွက်က ဘယ်လောက်အရေးပါလဲဆိုတာ နားလည်လိုက်ပါတယ်။ ကျွန်တော်ပထမဆုံးပွဲမှာတင် စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပါတယ်”လို့ လန်မန်းက ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်နည်းပြ အာမိုရင်ကလည်း လန်မန်းရဲ့စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး သူ့အနေနဲ့ လန်မန်းတစ်ယေက် အလျင်အမြန်အထိုင်ကျမယ်လို့ မမျှော်လင့်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ အခုအပတ်မှာ ရှောင်ဒိုက်ရဲ့နော်တင်ဟမ်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး လန်မန်းအနေနဲ့ ဘယ်လ်ဂျီယံအသင်းဖော် ဆဲလ်နဲ့ ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပါတယ်။