ကမ္ဘာ့ဖလားဝင်ခွင့်နဲ့လွဲချော်ပြီးနောက် ကွင်းထဲမှ ဒေါသတကြီးထွက်ခွာသွားခဲ့တဲ့ အမ်ဘွေမို
မန်ချက်စတာယူနိုက်တက်တောင်ပံကြယ်ပွင့် ဘရိုင်ယန်အမ်ဘွေမိုဟာ သောကြာနေ့နံနက်က လက်ရွေးစင်ကင်မရွန်းအသင်းအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပါဝင်ကစားပေးရင်း ကွန်ဂိုကိုအရေးနိမ့်ခဲ့ကာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ခွင့်နဲ့လွဲချော်ခဲ့တာကြောင့် ပွဲအပြီးမှာ ကွင်းထဲမှ ဒေါသတကြီးထွက်ခွာသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့လက နိုင်ငံတကာပွဲစဉ်တွေအတွင်း အာဖရိကဒေသ ခြေစစ်ပွဲအုပ်စုအဆင့်မှာ ကင်မရွန်းဟာ အုပ်စုရဲ့ဒုတိယနေရာမှာရပ်တည်ခဲ့တာကြောင့် နောက်ထပ်ခြေစစ်ပွဲအဖြစ် ကွန်ဂိုနဲ့ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ ကင်မရွန်းအနေနဲ့ ကွန်ဂိုကိုသေချာပေါက်အနိုင်ရမယ်လို့ ယူဆထားကြပေမယ့် အဆုံးမှာတော့ ၁-၀ နဲ့အရေးနိမ့်ခဲ့တာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားဝင်ခွင့်နဲ့ လွဲချော်သွားခဲ့တာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ ကွန်ဂိုအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကို နယူးကာဆယ်ကစားသမားဟောင်း အမ်ဘမ်ဘာက သွင်းယူခဲ့တာဖြစ်ပီး ကင်မရွန်းကစားသမားတွေအနေနဲ့ပွဲအပြီးမှာတော့ စိတ်ပျက်လက်ပျက်အမူအရာတွေကို ထိန်းချုပ်နိုင်ခဲ့ကြခြင်းမရှိပါဘူး။ အထူးသဖြင့် အမ်ဘွေမိုဟာ ကွင်းထဲမှာပင်ဆက်မနေတော့ဘဲ အဝတ်လဲခန်းထဲသို့သာ ဒေါသတကြီး တန်းတန်းမတ်မတ်ဝင်သွားခဲ့ပါတယ်။
ကင်မရွန်းအသင်းဟာ အမ်ဘွေမို၊ အန်ဒရေအိုနာနာနဲ့ ကားလို့စ်ဘာလီဘာတို့လို ဥရောပထိပ်သီးကစားသမားတွေကိုအသုံးပြုခဲ့ပေမယ့် ကွန်ဂိုကိုတော့ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ကင်မရွန်းဟာ ၁၉၈၂ ခုနှစ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို စတင်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး အဆိုပါအချိန်မှ အခုချိန်အထိ ၃ ကြိမ်သာ ခြေစစ်ပွဲကျရှုံးခဲ့ဖူးတာဖြစ်ပါတယ်။ ဒါ့အပြင် ကင်မရွန်းဟာ အာဖရိကအသင်းတွေအနက် ကမ္ဘာဖလားပြိုင်ပွဲမှာ အကြိမ်ရေအများဆုံး ၈ ကြိမ်အထိ ပါဝင်ယှဉ်ပြိုင်ခွင့်ရထားတာလည်းဖြစ်ပါတယ်။
အမ်ဘွေမိုဟာ ကင်မရွန်းအတွက်ပြိုင်ပွဲစုံ ၂၆ ပွဲကစားပြီးချိန်မှာ ၇ ဂိုးအထိသွင်းယူထားသလို၊ အိုနာနာကလည်း ၅၂ ပွဲအထိ ကစားပေးထားတာဖြစ်ပါတယ်။ တစ်ဖက်မှာကွန်ဂိုကလည်း ပရီးမီးယားလိဂ်ကြယ်ပွင့်တွေဖြစ်တဲ့ ဝမ်ဘစ်ဆာကာ၊ တူရန်ဇီဘီနဲ့ ဆီဒီကီတို့ကို အသုံးပြုခဲ့ပြီး ကင်မရွန်းကို ပြိုင်ပွဲကနေ နုတ်ထွက်စေခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ကွန်ဂိုအနေနဲ့ ကမ္ဘာ့ဖလားဝင်ခွင့်တစ်နေရာအတွက် အာဖရိကဒေသနောက်ဆုံး ခြေစစ်ပွဲအဖြစ် နိုင်ဂျီးရီးယားနဲ့ ယှဉ်ပြိုင်သွားရဦးမှာဖြစ်ပါတယ်။