The network connection is lost.

Banner Image

အိမ်ဖြူတော်ညစာစားပွဲမှာ ရော်နယ်ဒိုကို ချီးကျူးဂုဏ်ပြု လိုက်တဲ့ ထရမ့်

ခရစ္စတီယာနိုရော်နယ်ဒိုဟာ အိမ်ဖြူတော်ညစာစားပွဲကို ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်အပါအဝင် ဂုဏ်သရေရှိဧည့်သည်တော်တွေနဲ့အတူ တက်ရောက်ခဲ့ပါတယ်။  ဒီအထင်ကရပွဲမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ အားကစားနယ်ပယ်က အကျော်အမော်တွေ စုဝေးခဲ့ကြပါတယ်။ ညစာစားပွဲတက်ရောက်လာသူတွေကို မိန့်ခွန်းပြောကြားရာမှာ သမ္မတ ဒေါ်နယ်ထရမ့်က ရော်နယ်ဒိုရှိနေတာကို အထူးတလည်ပြောကြားခဲ့ပြီး အခန်းထဲမှာ ကမ္ဘာ့ခေါင်းဆောင်တွေ၊  စီးပွားရေး၊ အားကစားနယ်ပယ်က ခေါင်းဆောင်တွေနဲ့ ပြည့်နှက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

ထရမ့်က "ကျွန်တော့်သား ဘာရွန်က ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ပရိသတ်ဆိုတာ ခင်ဗျားတို့သိမှာပါ။ ဘာရွန်က သူ့နဲ့တွေ့ခွင့်ရခဲ့တယ်။ အခုတော့ သူ့အဖေကို နည်းနည်းပိုလေးစားလာပြီလို့ ထင်ပါတယ်" လို့ ပြောကြားခဲ့ပြီး ပရိသတ်တွေ ရယ်မောခဲ့ကြပါတယ်။ ကလပ်နဲ့ နိုင်ငံအသင်းအတွက် ဂိုး ၉၅၀ ကျော် သွင်းယူထားတဲ့ ရော်နယ်ဒိုဟာ ဆော်ဒီ Pro League ကလပ် အယ်လ်နာဆာနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပါတယ်။ 

ဆော်ဒီအိမ်ရှေ့မင်းသားကို ဂုဏ်ပြုတဲ့ အိမ်ဖြူတော်ညစာစားပွဲမှာ နည်းပညာကုမ္ပဏီကြီးတွေရဲ့ ပိုင်ရှင်တွေဖြစ်တဲ့ အီလွန်မက်စ်နဲ့ ဂျက်ဖ်ဘီဇော့တို့ကိုလည်း တွေ့ရပါတယ်။ အစိုးရအဖွဲ့ဝင်အများအပြားလည်း ဒီခမ်းနားတဲ့ပွဲကို တက်ရောက်ခဲ့ကြပါတယ်။ ဒုသမ္မတ ဂျေဒီဗန့်စ်၊ ဒုသမ္မတကတော် အူရှာဗန့်စ်၊ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနဲ့ အိမ်ဖြူတော် ဒုတိယဦးစီးချုပ် စတီဖင် မီလာတို့ ပါဝင်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌ မိုက် ဂျွန်ဆင်နဲ့ သမ္မတကတော် မီလန်နီယာ ထရမ့်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။