The network connection is lost.

Banner Image

အသက်ရှစ်နှစ်အရွယ်မှာတင် မက်ဆီဆိုပြီး အမည်ပြောင်ရရှိတဲ့အထိ ဘောလုံးပါရမီပြသခဲ့တဲ့ အက်စ်တီဗာအို

အက်စ်တီဗာအိုမှာ အလျှင်အမြန်ကြိုးစားအားထုတ်လေ့ရှိတဲ့ အကျင့်စရိုက်တစ်ခု ရှိပါတယ်။ ဘရာဇီးသားဘောလုံးကြယ်ပွင့်က ချဲလ်ဆီးကစားသမားဘဝကို အံ့မခန်းပုံစံဖြင့် စတင်နိုင်ခဲ့ပြီး ပါမီးရက်စ်မှ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်သန်းလာခဲ့တဲ့ ခရီးစဉ်နောက်ပိုင်း နယ်မြေသစ်မှာ လိုက်လျောညီထွေမှုရှိအောင် ကြိုးစားရဦးမယ်ဆိုတဲ့ သံသယတွေကို ဖယ်ရှားပစ်ခဲ့ပါတယ်။

အက်စ်တီဗာအိုက အသက်ငယ်ငယ်ရွယ်ရွယ်ဘောလုံးသမားဘဝရဲ့ ပထမဆုံးခြေလှမ်းစတင်လိုက်ချိန်မှာပဲ ချက်ချင်းဆိုသလို အထင်ကြီးလောက်စရာကောင်းအောင် စွမ်းဆောင်ပြခဲ့ပါတယ်။ အက်စ်တီဗာအို အသက်ရှစ်နှစ်အရွယ်မှာပဲ သူ့မိသားစုက ဆော်ပိုလိုမြို့၊ ဖရန်ကာဒေသမှ မိုင် ၃၀၀ ခန့်ကွာဝေးတဲ့ ဘီလိုဟော်ရီဇွန်တီမှာ အခြေချနေထိုင်ဖို့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါကြောင့်ပဲ အက်စ်တီဗာအိုက ခရူဇီယိုအသင်းအကယ်ဒမီနဲ့ ချိတ်ဆက်နိုင်ခဲ့ပါတယ်။

အဲ့ဒီအချိန်တုန်းက အက်စ်တီဗာအိုရဲ့စာသင်ကျောင်းအသစ်ဖြစ်တဲ့ ဘက်တစ္စတာမင်နဲရိုးစာသင်ကျောင်းရဲ့ တွဲဖက်အားကစားညှိနှိုင်းရေးမှူး ဒန်ရီယယ်ဆိုင်မို့စ်က “ အက်စ်တီဗာအိုရဲ့ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်မှာ သူ့ရဲ့လှုပ်ရှားမှုတွေကို လိုက်ကြည့်ရင်း ဖူဆယ်နည်းပြတောင် နှလုံးရောဂါရလုနီးပါး ဖြစ်သွားခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကျောင်းဘောလုံးကွင်းကိုပတ်ပြီး နည်းပြဆီ သွားလိုက်ပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော့်ဆီ နည်းပြကိုယ်တိုင် စိတ်လှုပ်ရှားမှုများစွာနဲ့ ပြောခဲ့တဲ့စကားတွေကို အခုအထိ မှတ်မိနေပါသေးတယ်။

သူက ‘အက်စ်တီဗာအိုဆိုတာ တကယ့်ဆရာကြီးပဲ၊ လေ့ကျင့်ရေးကွင်းရဲ့အရပ်လေးမျက်နှာလုံးကို ထိန်းချုပ်နိုင်စွမ်းရှိတယ်။ အသက်ရှစ်နှစ်အရွယ်ကလေးတစ်ဦးရဲ့ ယုံကြည်မှုအပြည့်လေ့ကျင့်ရေးဆင်းနေပုံကို တခါမှ မတွေ့ဖူးခဲ့ဘူး’လို့ ပြောပါတယ်။ အက်စ်တီဗာအိုမှာ ဘောလုံးနဲ့ပတ်သက်ပြီး မယုံကြည်နိုင်လောက်အောင် ထက်မြက်တဲ့ဉာဏ်ရည်နဲ့ ကြောက်ရွံ့မှုကင်းတဲ့စွမ်းရည်မျိုး ရှိပါတယ်။

သူ့ရဲ့ဘောလုံးထိန်းချုပ်နိုင်စွမ်းကလည်း အံ့မခန်းစရာဖြစ်သလို ပွဲရဲ့အရှိန်အဟုန်ကိုလည်း သတ်မှတ်ပေးနိုင်ပါတယ်။ သူက ကွင်းထဲမှာဆိုရင် အသင်းဖော်တွေကိုတောင် ဘာတွေလုပ်ရမလဲဆိုတာ ညွှန်ကြားပေးလေ့ရှိပါတယ်။ သူလုပ်ဆောင်ခဲ့တဲ့ဆုံးဖြတ်ချက်တွေကလည်း အသက်ရှစ်နှစ်၊ ကိုးနှစ်အရွယ်ကလေးတစ်ဦးအတွက်ဆိုရင် အများကြီးကျော်လွန်နေခဲ့ပါတယ်။

အက်စ်တီဗာအိုရဲ့စိတ်ဓါတ်ပိုင်းကို အမှန်တကယ်နားလည်ချင်ရင် ပရော်ဖက်ရှင်နယ်အားကစားသမားတစ်ဦးရဲ့ ပုံရိပ်ကို မြင်ယောင်ကြည့်နိုင်ပါတယ်။ ကျွန်တော်ပြောခဲ့သလိုပါပဲ။ သူက ဘောလုံးနဲ့သာဆိုရင် စူပါပါဝါအပြည့်ရှိတဲ့ ဂြိုလ်သားတစ်ဦးလိုမျိုး ဖြစ်ပါတယ်။ အက်စ်တီဗာအိုက ပျော်ပျော်ရွှင်ရွှင်နေလေ့ရှိတဲ့ကလေးငယ်တစ်ဦးပါ။ ဒါပေမဲ့ ဘောလုံးကွင်းမှာဆိုရင်တော့ သူ့အတွက် လုပ်စရာတွေ ပြည့်နှက်နေခဲ့ပါတယ်။ သူ့ရဲ့စိတ်နေစိတ်ထားကလည်း ထူးခြားပါတယ်”လို့ ပြောပါတယ်။

ဒါပေမဲ့ အက်စ်တီဗာအိုနဲ့ သူ့မိသားစုအတွက် အရာအားလုံးဟာ ရိုးရှင်းနေတာမျိုးတော့ မဟုတ်ပါဘူး။ နောက်ပိုင်းမှာ ဘရာဇီးပြည်တွင်းမီဒီယာ GE Globo နဲ့တွေ့ဆုံချိန် အက်စ်တီဗာအိုရဲ့ဖခင်၊ သင်းအုပ်ဆရာတစ်ဦးဖြစ်တဲ့ Ivo Goncalves က “ ကျွန်တော်တို့မိသားစု ဆော်ပိုလိုမှ ကုန်တင်ကားတစ်စီးနဲ့ ပြောင်းရွှေ့ထွက်ခွာခဲ့ပါတယ်။ အရာအားလုံးကို စွန့်လွှတ်ထွက်ခွာလာတယ်ဆိုတာ အလွန်ခက်ခဲလွန်းပါတယ်။ လူအများစုကတော့ ကျွန်တော်တို့ကို ရူးသွားကြပြီလို့ ပြောကြပါတယ်။

ကျွန်တော့်မှာ အိမ်ငှားဖို့တောင် ပိုက်ဆံလုံလုံလောက်လောက်မရှိပါဘူး။ အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့အတွက် အလွန်ခက်ခဲတဲ့အခိုက်အတန့်တွေကို ဖြတ်သန်းခဲ့ရပါတယ်”လို့ ပြောပါတယ်။ ဆိုင်မို့စ်ကလည်း “ ပထမဆုံးနေ့ရက်မှာတင် အက်စ်တီဗာအိုနဲ့ သူ့မိသားစုကို ကျွန်တော် တွေ့ဆုံခဲ့ပါတယ်။ ဘက်တစ္စတာမင်နဲရိုးက အကျိုးအမြတ်မယူတဲ့စာသင်ကျောင်းတစ်ခုဖြစ်ပြီး ဘီလိုဟော်ရီဇွန်တီဆီ အက်စ်တီဗာအိုတို့ရောက်ရှိလာချိန် ကျောင်းလခပေးချေဖို့တောင် မတက်နိုင်ခဲ့ပါဘူး။

အဲ့ဒီအချိန်တုန်းက လစဉ်ကုန်ကျစရိတ်က ဒေါ်လာ ၄၀၀ နီးပါးလောက် ရှိပေမယ့် သူ့အတွက် ပညာသင်ဆုရရှိအောင် ကျွန်တော်တို့ လုပ်ပေးခဲ့ပါတယ်။ အမှန်ပါပဲ၊ ကျောင်းစာသင်ယူဖို့ဆိုတာ စာအုပ်တွေ၊ ကျောင်းဝတ်စုံတွေ၊ စားသောက်စရိတ်နဲ့ လမ်းစရိတ်တို့လို ကုန်ကျစရိတ်တွေရှိတယ်ဆိုတာတော့ အက်စ်တီဗာအိုရဲ့ကိုယ်စားလှယ်က မိဘတွေကိုရှင်းပြရင်း ကျခံပေးခဲ့ပါတယ်။

မနက်ခင်းပိုင်းမှာဆိုရင် အက်စ်တီဗာအိုက အခြားကလေးငယ်တွေလိုပဲ စာသင်ကြားပါတယ်။ စာသင်ပြီးရင်တော့ သူက ခရူဇီယိုအသင်းမှာ လေ့ကျင့်ခန်းဆင်းပါတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့ဖူဆယ်အသင်းနဲ့ ညနေပိုင်းလေ့ကျင့်ရေးအစီအစဉ်အတွက် တစ်ပတ်နှစ်ကြိမ် ပူးပေါင်းခဲ့ပါတယ်။ သူ့ရဲ့အချိန်ဇယားက စာကျက်ချိန်၊ အားကစားလေ့ကျင့်ချိန်တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ သူ့ရဲ့အံ့ဖွယ်ဘောလုံးစွမ်းရည်ကို ထည့်မပြောဘူးဆိုရင်တောင် ကျောင်းသားကောင်းတစ်ဦး ဖြစ်ခဲ့ပါတယ်။ ကျောင်းသားတစ်ဦးအဖြစ်ရော၊ အားကစားသမားတစ်ဦးအဖြစ်ပါ ကျောင်းကိုယ်စားပြုအဖြစ် စံပြကလေးငယ်တစ်ဦး ဖြစ်ခဲ့ပါတယ်”လို့ ဆက်ပြောပါတယ်။

၂၀၁၆ ခုနှစ်၊ နွေရာသီကာလ ဒေသတွင်းဖူဆယ်ပြိုင်ပွဲတစ်ခုမှာ အသက်ကိုးနှစ်အရွယ် အက်စ်တီဗာအို ပထမဆုံးအကြိမ် ကျော်ကြားလာခဲ့ပါတယ်။ သူက မက်ဆီလိုပဲ မှော်ဝင်ဘယ်ခြေထောက်ကို ပိုင်ဆိုင်ထားလို့ မက်ဆီဟိုဆိုတဲ့ အမည်ပြောင်ရရှိခဲ့ပြီး သိပ်မကြာခင်မှာပဲ ဘရာဇီးထုတ်ကုန်ဘောလုံးသူရဲကောင်းတွေနဲ့ နှိုင်းယှဉ်ခံခဲ့ရပါတယ်။ အသက်-၁၀ နှစ်အရွယ်မှာတော့ အက်စ်တီဗာအိုက အသက်အငယ်ဆုံးဘရာဇီးဘောလုံးသမားအဖြစ် Nike နဲ့ ပထမဆုံးအကြိမ်စပွန်ဆာစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဒါက ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ရိုဒရီဂိုထက် တစ်နှစ်လျော့နည်းပြီး လက်ရှိဆန်းတို့စ်အသင်းခေါင်းဆောင်နေမာထက် သုံးနှစ်လျော့နည်းပါတယ်။

ဆိုင်မို့စ်က “ ဒါဟာ ကလေးငယ်ဘဝမှာတင် အက်စ်တီဗာအိုရဲ့ပရော်ဖက်ရှင်နယ်ဆန်မှုကို ပြသပါတယ်။ အက်စ်တီဗာအိုရဲ့အရည်အသွေးက အံ့အားသင့်လောက်စရာကောင်းအောင် များပြားလို့ အခြားကလပ်အသင်းတွေရဲ့ကစားသမားတွေနဲ့ သူတို့ရဲ့မိဘတွေတောင် အက်စ်တီဗာအိုရဲ့ကစားပုံကို မြင်တွေ့ချင်လို့ လာကြည့်ကြပါတယ်။ ကျွန်တော် ချဲ့ကားပြီးပြောတာ မဟုတ်ပါဘူး။ သူ့ရဲ့တိုးတက်မှုနှုန်းကလည်း မိုးကြိုးသွားလိုပဲ အလွန်လျှင်မြန်လှပါတယ်။

အက်စ်တီဗာအို အသက်-၁၂ နှစ်အရွယ်မှာ လူတိုင်းက သူ့ရဲ့အစွမ်းအစကို သိရှိလာကြလို့ ခရူဇီယိုမှာ ပိုပြီးပြင်းထန်တဲ့လေ့ကျင့်မှုတွေ စတင်ခဲ့ပါတယ်။ ကျွန်တော်တို့အတွက် ကံမကောင်းတဲ့အချက်က ဆော်ပိုလိုဆီ အက်စ်တီဗာအို ပြန်ပြောင်းရွှေ့ပြီး ပါမီးရက်စ်နဲ့ စာချုပ်တစ်ရပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်ပါတယ်။ သူ ပါမီးရက်စ်မှာကစားနေချိန် ဘက်တစ္စတာမင်နဲရိုးမှာရှိတဲ့ သူ့ဆရာဟောင်းတွေနဲ့ နည်းပြဟောင်းတွေအပြင် အချို့ကျောင်းသားမိဘတွေကတောင် ‘ဒါမှ ငါတို့ အက်စ်တီဗာအိုကွ’လို့ ကြွေးကြော်ကြပါတယ်။

ကျွန်တော်တို့အားလုံးလည်း သူ ဒီအတိုင်းလုပ်ပြနိုင်မယ်ဆိုတာ သိထားကြပြီးဖြစ်လို့ သိပ်တော့အံ့သြစရာ မကောင်းလှပါဘူး”လို့ ပြောပါတယ်။ အပိုထပ်ဆောင်းဆုကြေးပေါင် ၅၄ သန်းအထိ ရှိလာနိုင်တဲ့ ချဲလ်ဆီးနဲ့ အပြောင်းအရွှေ့အပြီး အက်စ်တီဗာအိုရဲ့ အလားအလာကောင်းတွေက အလျှင်အမြန်တိုးတက်လာခဲ့ပါတယ်။ ဒါပေမဲ့ အသက်-၁၈ နှစ်အရွယ်ကစားသမားက သူ့ရဲ့ကျောင်းတက်ချိန်တွေကို ကောင်းကောင်းမှတ်မိနေပြီး ကောင်းမွန်တဲ့ပညာရေးစနစ်ရဲ့တန်ဖိုးကို အလေးထားနေပါတယ်။

အက်စ်တီဗာအိုတည်ထောင်တဲ့ အက်စ်တီဗာအိုဝီလျံစ်ဖောင်ဒေးရှင်းက လာမယ့်နှစ်၊ ဖရန်ကာဒေသမှာ ဒေသခံကလေးငယ် ၃၀၀၀ ဦးအထိ ဘာသာစကား၊ အားကစားနဲ့ အနုပညာဘာသာရပ်တွေ သင်ကြားနိုင်မယ့် ကျောင်းတစ်ခုဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။ ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာကတော့ အက်စ်တီဗာအိုနဲ့ တစ်နိုင်ငံတည်းသားတွေဖြစ်တဲ့ ဂျော်အိုပက်ဒရိုနဲ့ အန်ဒရေဆန်းတို့ဟာ အင်္ဂလန်မြေမှာ အက်စ်တီဗာအိုရဲ့ဘ၀ အလျှင်အမြန်အထိုင်ကျစေဖို့ ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။

အက်စ်တီဗာအိုလိုပဲ ဂျော်အိုပက်ဒရိုက အသက်-၁၈ နှစ်အရွယ်၊ ၂၀၂၀ ပြည့်နှစ်မှာ ဝက်ဖို့ဒ်ဆီ ရောက်ရှိလာခဲ့ပြီး စတမ်းဖို့ဒ်ဘရစ်ချ်ဆီ မပြောင်းရွှေ့မီ ဘရိုက်တန်နဲ့အတူ နှစ်ရာသီကြာ ဖြတ်သန်းခဲ့ပါတယ်။ အလားတူ ဆန်းတို့စ်ကလည်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း အသက်-၁၈ နှစ်ပြည့်မြောက်ချိန် အင်္ဂလန်မြေဆီ ရောက်ရှိလာခဲ့ပါတယ်။ မာရက်စ်ကာက “ သူတို့အကုန်လုံး အက်စ်တီဗာအိုကို အကူအညီပေးကြပါတယ်။ အသင်းတစ်ခုအဖြစ်လည်း ကျွန်တော်တို့က အက်စ်တီဗာအိုသာမက နိုင်ငံရပ်ခြားမှလာတဲ့လူငယ်ကစားသမားအားလုံးကို ကူညီပေးဖို့ ကြိုးစားပါတယ်”လို့ ပြောပါတယ်။