The network connection is lost.

Banner Image

ကိုယ်ပိုင်စိတ်ကူးအကြံအစည်တွေ ဖန်တီးဖို့ မန်စီးတီးကူညီပေးခဲ့ပုံအကြောင်း ထုတ်ပြောလာတဲ့ အန်းစလော့

ဒီနေ့ညပိုင်း၊ ပြိုင်ဘက်အသွင်ဖြင့် ရင်ဆိုင်ရဖို့ရှိနေချိန်မှာပဲ အန်းစလော့က သူ့ရဲ့အသင်းလိုက်ကစားဟန်တွေ တိုးတက်လာစေရေးအတွက်ပက်ဂွါဒီယိုလာရဲ့စိတ်အားလှုံ့ဆော်မှုပေးခဲ့ပုံတွေအကြောင်းကို ဖွင့်ဟပြောဆိုလိုက်ပါတယ်။
လီဗာပူးနည်းပြက ပရီးမီးယားလိဂ်အဖွင့်ရာသီမှာပဲ အသင်းကို အမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ ပို့ဆောင်ပေးထားခြင်းနဲ့ပတ်သက်လို့ သူ့ရဲ့ကောင်းသတင်းတွေကို ဖုံးအုပ်ထားခဲ့ပါတယ်။

ဒတ်ချ်လူမျိုးနည်းပြကို အန်ဖီးလ်မှာ ယာဂန်ကလော့ပ်ရဲ့နေရာကို ဆက်ခံရလို့ ခက်ခဲတဲ့စမ်းသပ်မှုတစ်ခုနဲ့ရင်ဆိုင်ရမယ်လို့ ယူဆခဲ့ကြပေမယ့် အန်းစလော့က သူရင်ဆိုင်ရတဲ့စိန်ခေါ်မှုအားလုံးနီးပါးကို ကျော်ဖြတ်ပြနိုင်ခဲ့ပါတယ်။ အန်းစလော့ရဲ့လက်အောက်မှာ လီဗာပူးအသင်းက ချန်ပီယံလိဂ်ပွဲစဉ်တိုင်းကို အနိုင်ရရှိခဲ့သလို ကာရာဘောင်ဖလားပြိုင်ပွဲမှာလည်း ဆုဖလားလမ်းကြောင်းထက် ဆက်ရှိနေပါသေးတယ်။ ဒါ့အပြင် ပရီးမီယားလိဂ်မှာလည်း နော်တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်၊ အာဆင်နယ်ကို အဝေးကွင်းမှာ သရေကျခဲ့တဲ့ပွဲစဉ်တွေမှလွဲပြီး ကျန်ပွဲစဉ်တိုင်းကို ရမှတ်ပြည့်ယူဆောင်နိုင်ခဲ့ပါတယ်။

 သူ့အတွက် နောက်ထပ်စမ်းသပ်ချက်တစ်ခုကတော့ နောက်ဆုံးခြောက်ပွဲဆက်နိုင်ပွဲပျောက်ခဲ့တဲ့ ပက်ဂွါဒီယိုလာရဲ့ မန်စီးတီးနဲ့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပါတယ်။ ဒီပွဲစဉ်က လီဗာပူးရဲ့ချန်ပီယံဆုမျှော်လင့်ချက်အတွက် ခက်ခဲတဲ့စမ်းသပ်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်။ အခုပွဲစဉ်မတိုင်ခင် အန်းစလော့က သူ့ရဲ့အသင်းလိုက်ကစားဟန်အတွက် စိတ်အားလှုံ့ဆော်မှုပေးသူအဖြစ် ပက်ဂွါဒီယိုလာကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

အခုညပိုင်းပွဲစဉ်မတိုင်ခင် အန်းစလော့က “ဘောလုံးလောကမှာ လက်လွတ်မခံဘဲ စောင့်ကြည့်ချင်စရာအကောင်းဆုံး လူပုဂ္ဂိုလ်အချို့ရှိပါတယ်။ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ် သို့မဟုတ် မန်စီးတီးတို့ရဲ့ပွဲစဉ် ၁၀ ခုလောက်မှာ ၉ ခုလောက်က ဘောလုံးကို ချစ်မြတ်နိုးသူတိုင်းအတွက် စောင့်ကြည့်ချင်စရာကောင်းပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်လည်း ပက်ဂွါဒီယိုလာရဲ့အသင်းတွေကစားပုံကို စောင့်ကြည့်ခဲ့တာပါ။
ပက်ဂွါဒီယိုလာရဲ့ဘာစီလိုနာအသင်းကို ကျွန်တော်စကြည့်ဖြစ်တုန်းက ဘာစီလိုနာကစားသမားတွေဟာ ဘောလုံးပေးပို့မှုတိုင်းကို အောင်မြင်အောင်လုပ်ဆောင်နိုင်သူတွေအဖြစ်မြင်တွေ့ခဲ့ရပါတယ်။

ဒီအရာက ကျွန်တော့်အတွက် မှန်ကန်တဲ့ဘောလုံးပေးပို့မှုတွေ လုပ်ဆောင်သွားဖို့ လိုအပ်ပုံအကြောင်းကို တွေးမြင်သိရှိစေခဲ့ပါတယ်။
ဒါက ဘောလုံးနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ကိုယ်ပိုင်အတွေးအမြင်တွေကို ဖန်တီးတည်ဆောက်သွားဖို့အတွက် လုံးဝကို အကူအညီဖြစ်စေခဲ့ပါတယ်။ နောက်ခံအစွန်လူတစ်ဦးက ဘောလုံးကို တစ်ဖက်ခြမ်းထဲမှာ ယူထားမယ်ဆိုရင် ဒီဘောလုံးဆုံးရှုံးသွားနိုင်တယ်ဆိုတဲ့ ခံစားချက်မျိုး၊ အကယ်၍ သူတို့တွေသာ ဘောလုံးကို အတွင်းဆီ ဆွဲပြေးလာမယ်ဆိုရင် နေရာလွတ်တွေ ဖန်တီးပေးနိုင်တယ်ဆိုတဲ့ခံစားချက်မျိုးကို ရရှိစေခဲ့ပါတယ်။

ဘာစီလိုနာကစားဟန်ကို ကြည့်လိုက်မယ်ဆိုရင် အခုလိုတူညီတဲ့ပုံစံကို အမြဲတမ်းမြင်တွေ့ရပါလိမ့်မယ်”လို့ ပြောပါတယ်။
အန်းစလော့က နည်းပြဘဝအဆိုးဝါးဆုံးအခိုက်အတန့်ကို ကျော်ဖြတ်နေရတဲ့ ပက်ဂွါဒီယိုလာနဲ့တွေ့ဆုံရဖို့ ရှိနေလို့ အသာစီးရနိုင်တဲ့အခြေအနေမှာ ရှိနေပါတယ်။ လတ်တလောမှာ မန်စီးတီးကပရီးမီးယားလိဂ်နောက်ဆုံးသုံးပွဲဆက်ရှုံးနိမ့်မှုအပါအဝင် ပြိုင်ပွဲစုံနောက်ဆုံးခြောက်ပွဲဆက် နိုင်ပွဲပျောက်ထားပြီး အန်းစလော့အသင်းနဲ့အတူ ယှဉ်ပြိုင်နေရတဲ့ လိဂ်ချန်ပီယံပြေးလမ်းမှာ အရှိန်အဟုန်ကောင်းတွေ ပျောက်ဆုံးနေခဲ့ရပါတယ်။ ဒီညပွဲစဉ်မှာသာ လီဗာပူးက အမှတ်ပြည့်ရယူသွားနိုင်မယ်ဆိုရင် ရမှတ်ကွာဟမှု ၁၁ မှတ်အထိရှိလာနိုင်ပြီးပက်ဂွါဒီယိုလာရဲ့နောက်ထပ်ပရီးမီးယားလိဂ်ချန်ပီယံဆုမျှော်လင့်ချက် ပျက်စီးသွားနိုင်ပါတယ်။