နယူးကာဆယ်နဲ့ပွဲစဉ်အပြီး စတီဗင်ဂျရတ်ရဲ့ချီးကျူးမှုကြောင့် ဂုဏ်ယူကျေနပ်နေတဲ့ အီကီတီကီ
နယူးကာဆယ်ကို လီဗာပူးတို့ အနိုင်ယူခဲ့တဲ့ စနေနေ့ပရီးမီးယားလိဂ်ပွဲစဉ်အပြီး လီဗာပူးဂန္တဝင်စတီဗင်ဂျရတ်က တိုက်စစ်မှူးအီကီတီကီကို အသင်းဖော်ဟောင်းဖာနန်ဒိုတောရက်စ်နဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။
ဂျရတ်က နယူးကာဆယ်နဲ့ပွဲစဉ်မှာသွင်းယူခဲ့တဲ့ အီကီတီကီရဲ့ဒုတိယမြောက်ဂိုးကို နှစ်သက်နေခဲ့ပြီး ဒါဟာ တောရက်စ်ရဲ့အကောင်းဆုံးအချိန်တွေကို အမှတ်ရမိစေတယ်လို့ ပြောကြားခဲ့ပါတယ်။
လီဗာပူးဂန္တဝင်က “ တောရက်စ်ပုံစံမျိုးပါပဲ။ ခြေထောက်ကြားမှဘောလုံးထွက်လာပြီး ခြေချောင်းနဲ့ထိုးကာ ဂိုးသွင်းယူတဲ့ပုံစံပါ။ သူ့ကို ကြည့်ရချိန်တိုင်း တောရက်စ်ကို သတိရမိပါတယ်။
အီကီတီကီလည်း အလားတူဂိုးမျိုးတွေ သွင်းယူနေပါတယ်။ တောင်ပံတွေမှာ နေရာလွတ်ရှိနေရင် သူပြေးလွှားပါလိမ့်မယ်။ အရမ်းမြန်ပါတယ်။ သူ့ကိုမပိတ်ဆို့ထားနိုင်ဘူးဆိုရင် အရမ်းအန္တရာယ်များပါတယ်”လို့ ပြောပါတယ်။
အခုလိုဂျရတ်ရဲ့ချီးကျူးမှုနဲ့ပတ်သက်လို့ အီတီကီကလည်း “ အရိုးသားဆုံးပြောရရင် အဲ့ဒီခေတ်၊ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ကျွန်တော်မကြည့်ခဲ့ဖူးပါဘူး။ ကျွန်တော့်အမေမှာပိုက်ဆံမရှိလို့ မကြည့်ခဲ့ရပါဘူး။
YouTube ဗီဒီယိုအပိုင်းအစတွေကိုတော့ ကျွန်တော် ကြည့်ဖူးပါတယ်။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် အဲ့ဒီလိုအဆင့်အတန်းမျိုးမှာ ဘယ်တော့မှမထားရှိပါဘူး။ တောရက်စ်ဆိုတာ အံ့မခန်းကစားသမားတစ်ဦးပါ။
သူ့လိုအဆင့်အတန်းမျိုးဆီ ရောက်ရှိသွားမယ်ဆိုရင် အရမ်းကောင်းပါလိမ့်မယ်။ ကျွန်တော်လည်း ဆက်ကြိုးစားသွားပါမယ်”လို့ ပြောပါတယ်။