လိဂ်ချန်ပီယံဆုအတွက် စမ်းသပ်ချက်တွေကို တုံ့ပြန်သွားကြဖို့ တိုက်တွန်းလိုက်တဲ့ အာတီတာ
မီခေးလ်အာတီတာက မန်ချက်စတာယူနိုက်တက်ကိုအရေးနိမ့်ခဲ့တဲ့ပွဲစဉ်နဲ့ရင်ဆိုင်နိုင်စွမ်းရှိသော စရိုက်လက္ခဏာမျိုး ပြသဖို့ အာဆင်နယ်ဆီ စိန်ခေါ်ခဲ့ပြီး သူတို့ရဲ့ပရီးမီးယားလိဂ်ချန်ပီယံဆုမျှော်လင့်ချက်ကို အသက်သွင်းခဲ့ပါတယ်။
အာတီတာရဲ့အသင်းက တနင်္ဂနွေနေ့၊ အမ်းမရိတ်စ်ကွင်းပွဲစဉ်မှာ ခုနစ်မှတ်အသာစီးဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နိုင်မယ့်အခွင့်အရေး ရရှိခဲ့ပေမယ့် ဒီအခွင့်အရေးကိုအသုံးချဖို့ ပျက်ကွက်ခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် အာဆင်နယ်က အမှတ်ပေးချန်ပီယံဆုပြေးလမ်းမှာ အားမာန်အပြည့်ဖြင့် ဦးဆောင်နေရမယ့်အစား အမှတ်ပေးဇယားဒုတိယနေရာရှိ မန်စီးတီး၊ တတိယနေရာရှိ အက်စတွန်ဗီလာတို့နဲ့ လေးမှတ်သာ ကွာဟသွားခဲ့ပါတယ်။
အာတီတာက “ ရမှတ်ကွာဟမှု အတော်လေးကျဉ်းမြောင်းသလို ပိုပြီးကျဉ်းမြောင်းသွားအောင် ကျွန်တော်တို့ လုပ်ပစ်ခဲ့ပါပြီ။ အခု ကျွန်တော်တို့ တုံ့ပြန်ပြဖို့လိုအပ်ပြီး ကျွန်တော်တို့အသင်း ဘယ်လိုမျိုးစုဖွဲ့ထားသလဲဆိုတာ မြင်တွေ့ရပါတော့မယ်။ ဒီနေ့မှာဆိုရင် ကျွန်တော်တို့အသင်းက ပုံမှန်ခြေစွမ်းမျိုးမရှိခဲ့ဘဲ ဒီအတွက် တန်ဖိုးတစ်ခု ပေးဆပ်ခဲ့ရပါတယ်။
ပေးလိုက်ရတဲ့ဂိုးတစ်ဂိုးမှာ အလွန်ထူးခြားပြီး နာကျင်စရာကောင်းပါတယ်။ ပြီးတော့ ပြိုင်ဘက်က အံ့မခန်းဂိုးတွေ သွင်းယူနိုင်ဖို့ အံ့မခန်းအခိုက်အတန့်နှစ်ခု ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ အကောင်းဆုံးပုံစံမှာ မရှိနေခဲ့ပါဘူး။
ပွဲချိန်နာရီဝက်အထိ ကျွန်တော်တို့တွေ အပြည့်အဝထိန်းချုပ်ထားနိုင်ခဲ့ပြီး ဂိုးလည်းသွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အရေးကြီးတဲ့နေရာတွေဆီ ဘောလုံးကို အကြိမ်ပေါင်းများစွာပေးပို့ခဲပြီး ကျွန်တော်တို့ရဲ့ လွှမ်းမိုးထိန်းချုပ်မှု စတင်ဆုံးရှုံးခဲ့ပါတယ်။ ဒီနောက်မှာ ရှုပ်ထွေးတဲ့ပွဲစဉ်တစ်ခု ဖြစ်လာပါတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း အက်စတွန်ဗီလာကို ရှုံးနိမ့်ပြီးနောက် အခုပွဲစဉ်က အာဆင်နယ်အတွက် နောက်ဆုံး ၁၃ ပွဲအနက် ပထမဆုံးရှုံးပွဲဖြစ်လာပါတယ်။ အာဆင်နယ်က ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်နေသေးပေမယ့် လီဗာပူး၊ နော်တင်ဟမ်ဖောရက်စ်တို့ကို ဂိုးမရှိသရေကျခြင်းတို့ကြောင့် ပရိသတ်တွေရဲ့စိုးရိမ်ပူပန်မှုနဲ့ ရင်ဆိုင်လာရပါတယ်။
အာတီတာကိုယ်တိုင်လည်း ဂန်းနားတွေနဲ့အတူ ၂၀၂၀ ပြည့်နှစ်၊ အက်ဖ်အေဖလားအောင်ပွဲနောက်ပိုင်း ဆုဖလားအောင်မြင်မှုနဲ့ ဝေးကွာခဲ့သလို မြောက်လန်ဒန်သားတွေရဲ့လိဂ်ချန်ပီယံဆုရရှိရေးစောင့်ဆိုင်းမှုမှာလည်း ၂၂ နှစ်တာ ကြာမြင့်ခဲ့ပါပြီ။ ဒါကြောင့် လာမယ့်သီတင်းပတ်တွေမှာ ဂန်းနားတွေရဲ့စိတ်ဓါတ်ပိုင်းကိုစမ်းသပ်မယ့် စိန်ခေါ်မှုတွေ ရှိလာပါလိမ့်မယ်။
အာတီတာက “ ကစားသမားတွေဟာ ကျွန်တော်တို့အတွက် စွမ်းဆောင်ရည်ကောင်းတွေနဲ့ ပျော်ရွှင်မှုတွေ အများကြီးယူဆောင်ပေးခဲ့ဖူးပါတယ်။ ဒါကြောင့် သူတို့တွေ ဘယ်လောက်ထိထက်မြက်ကောင်းမွန်သလဲဆိုတာ အသိပေးဖို့ ထိုက်တန်လွန်းပါတယ်။
ဒီရှုံးနိမ့်မှုမှတဆင့် ကျွန်တော်တို့ သင်ခန်းစာယူသွားရပါမယ်။ ရှုံးနိမ့်မှုဆိုတာ အနိုင်ရရှိခြင်းရဲ့အစိတ်အပိုင်းဖြစ်ပြီး ကစားသမားတွေကို သူတို့တွေ ဘယ်လောက်အထိကောင်းမွန်သလဲဆိုတာ သတိပေးဖို့ လိုအပ်ပါတယ်။ သရေကျချိန် (သို့မဟုတ်) ရှုံးနိမ့်နေချိန်မျိုးမှာ အတူတကွစည်းလုံးညီညွှတ်မှုရှိတယ်ဆိုတာ ပြသသွားရပါမယ်။ ကျွန်တော်တို့ရဲ့ပန်းတိုင်ဆီ ရောက်ရှိသွားဖို့အတွက် ရှုံးနိမ့်မှုဆိုတာ ကျွန်တော်တို့အတွက်ရော၊ အခြားအသင်းတွေအတွက်ပါ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်”လို့ ပြောပါတယ်။