အာဆင်နယ်မှာ ဒီရာသီ ဆုဖလား ၄ လုံးဆွတ်ခူးနိုင်မယ့် လူအင်အားနဲ့ နည်းပြရှိနေပြီလို့ အခိုင်အမာပြောကြားလာတဲ့ ဆာလီဘာ
အာဆင်နယ်နောက်ခံလူ ဝီလီယံဆာလီဘာက အသင်းဟာ ဒီရာသီမှာ ဆုဖလား ၄ လုံးလမ်းကြောင်းပေါ်မှာရှိနေသလို ဆုဖလားတွေအားလုံးကို သိမ်းပိုက်ဖို့ လူအင်အားနဲ့ နည်းပြရှိနေကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။
အာဆင်နယ်ဟာ လက်ရှိပရီးမီးယားလိဂ်နဲ့၊ ချန်ပီယံလိဂ်အမှတ်ပေးဇယားတွေကို ထိပ်ဆုံးကနေ ဦးဆောင်နေသလို၊ အင်္ဂလန်ပြည်တွင်းဖလားတွေဖြစ်တဲ့ အက်ဖ်အေနဲ့ ကာရာဘောင်ဖလားပြိုင်ပွဲတွေမှာလည်း ဆက်လက်ပါဝင်နေဆဲဖြစ်တာကြောင့် ဆုဖလား ၄ လုံးမျှော်လင့်ချက်ကျန်ရှိနေပါသေးတယ်။
ယခုအခါမှာ ဆာလီဘာက "ကျွန်တော်တို့ ပြိုင်ပွဲတိုင်းမှာ ဗိုလ်စွဲချင်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့အတွက်လည်း ကျွန်တော်တို့မှာ လူအင်အားနဲ့ နည်းပြကောင်းရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပြိုင်ပွဲတိုင်းမှာ အာရုံစိုက်ထားပြီး ရှေ့ဆက်သွားရပါမယ်"
"ဒီရာသီမှာ အသင်းက လူအင်အားတောင့်တင်းပါတယ်။ ကစားသမားကောင်းတွေလည်း အများကြီးရှိနေပါတယ်။ ပွဲထွက်ကစားခွင့်မရတဲ့ကစားသမားတောင် ပွဲထွက်ကစားဖို့ အဆင်သင့်ရှိနေတာမျိုးပါ။ သူတို့မှာ ကျွန်တော်တို့နဲ့ အရည်အသွေးအတူတူပါပဲ။ လူတိုင်းကလည်း အဆင်သင့်ဖြစ်နေပြီး ဆုဖလားတိုင်းကို မျှော်လင့်ထားကြပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့စနေနေ့က လိဒ်ကို ၄-၀ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်နဲ့ပတ်သက်ပြီးတော့လည်း ပြင်သစ်လက်ရွေးစင်နောက်ခံလူက "ဒီပွဲက အရမ်းအရေးကြီးတဲ့ပွဲပါ။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ရက်သတ္တပတ်ကပွဲမှာ အိမ်ကွင်းကစားပုံကအတော်လေးဆိုးရွားခဲ့လို့ပါ။ ကျွန်တော်တို့ ၃ ဂိုးအထိခွင့်ပြုခဲ့ရသလို၊ အမှတ်လည်းဆုံးရှုံးခဲ့ပါတယ်။ ကျွန်တော်တို့ ဒီလိုဖြစ်ရတာမကြိုက်ပါဘူး"
"ဒါကြောင့် ဘာတွေမှားနေလဲပြန်ပြုပြင်ပြီး နောက်ပွဲတွေအတွက် ပြင်ဆင်ခဲ့ပါတယ်။ အခုတော့ အသင်းက ဂိုးမပေးရဘဲ ဂိုးပြတ်နိုင်ခဲ့ပါတယ်။ လိဒ်နဲ့ပွဲက အသင်းရဲ့ တိုက်စစ်၊ ခံစစ်စွမ်းဆောင်ရည် ၂ မျိုးစလုံးကို အရမ်းကျေပါတယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။