The network connection is lost.

Banner Image

အာမိုရင်ဟာ လက်ရှိယူနိုက်တက်လူစာရင်းကို မကြိုက်နှစ်သက်ဘူးလို့ စခိုးလ် အခိုင်အမာဆို

ယူနိုက်တက်ဂန္ထဝင်ဟောင်း ပေါလ်စခိုးလ်က လက်ရှိနည်းပြ အာမိုရင်ဟာ အသင်းရဲ့လူစာရင်းကို မကြိုက်နှစ်သက်ဘူးလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ အသက် ၅၀ အရွယ်ကစားသမားဟာ လိုင်ယွန်ကို ၂-၂ သရေကျခဲ့ပြီးနောက် အာမိုရင် နဲ့ သူ့အသင်းကို အကဲဖြတ်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ အဝေးကွင်းမှာ နိုင်ပွဲမရယူနိုင်ခဲ့ပဲ  ဒုတိယအကျော့အတွက် အားသာချက်မရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အာမိုရင်က သူ့ကစားသမားတွေရဲ့တစ်ပွဲချင်းတိုးတက်လာတဲ့စွမ်းဆောင်ရည်ကို ကျေနပ်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့် စခိုးလ်ကတော့ အာမိုရင်ဟာ သူ့လူစာရင်းအပေါ် မကြိုက်နှစ်သက်ဘူးလို့ ပြောကြားလိုက်ပါတယ်။ အင်တာဗျူးတစ်ခုမှာ အင်္ဂလန်သားဟောင်းက “သူအသင်းအပေါ်ယုံတယ်လို့ ကျွန်တော်မထင်ပါဘူး။ ပြီးတော့ ဒီအသင်းကိုကြိုက်နှစ်သက်တယ်လို့ ကျွန်တော် မထင်ပါဘူး။ သူက ပိုကောင်းတဲ့အသင်းမျိုးကိုလိုချင်တာပါ။

သူ့ရဲ့နည်းပြနေရာကို ကြည့်လိုက်မယ်ဆိုရင် အမြဲတမ်းစိတ်ပျက်နေတာကို မြင်ရမှာပါ။ ကျွန်တော်ပြောသလို သူက အသင်းကို စိတ်ပျက်နေပါတယ်။ ပိုကောင်းတာမျိုးလိုချင်နေပါတယ်။ ယူနိုက်တက်အနေနဲ့ အခုထက်ပိုစိန်ခေါ်နိုင်ဖို့ဆိုရင် ပိုကောင်းတဲ့အသင်းမျိုးလိုအပ်တယ်ဆိုတာကို လူတိုင်းသိပါတယ်။ အဲ့တာက ကွင်းထဲမှာလို့ ကျွန်တော်ထင်ပါတယ်။ ကွင်းလယ်မှာ သူတို့ထိန်းချုပ်နိုင်တဲ့ကစားသမားမျိုးမရှိပါဘူး။ တိုက်စစ်ကလည်း အဆင်မပြေပါဘူး။ ကြည့်လိုက်ပါ။ သူ ရူးသွပ်နေတဲ့သူမဟုတ်ပါဘူး။ သူက မကြိုက်ဘူးလို့တော့ ပြောမှာမဟုတ်ပါဘူး။ ဒါပေမယ့် သူဒီအသင်းကိုမကြိုက်ဘူးဆိုတာ သေချာပါတယ်”လို့ စခိုးလ်က ပြောကြားခဲ့ပါတယ်။

အာမိုရင်ဟာ ယူနိုက်တက်ကိုပြောင်းလာပြီးကတည်းက ဇန်နဝါရီမှာ ဒိုဂူတစ်ဦးတည်းသာ ခေါ်ယူထားခဲ့ပါတယ်။ ပထမအကျော့ လိုင်ယွန်ကို သရေကျခဲ့တာကြောင့် ယူနိုက်တက်အနေနဲ့ အိမ်ကွင်းမှာ အားသာချက်ရယူနိုင်ဖို့ လိုအပ်နေပါတယ်။ ပရီးမီးယားလိဂ်မှာတော့ ၃၁ ပွဲမှာ ၁၀ ပွဲသာ အနိုင်ရရှိထားပြီး အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။ ယူရိုပါလိဂ်ဒုတိယအကျော့မတိုင်ခင် ယူနိုက်တက်ဟာ လာမယ့်တနင်္ဂနွေနေ့မှာ နယူးကာဆယ်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။