အန်းဒရစ်ခ်ဆီကနေ ဒီထက်ပိုကောင်းတဲ့ ခြေစွမ်းမျိုးမြင်ချင်ကြောင်းပြောကြားလာတဲ့ ပြင်သစ်ဂန္ထဝင် ဂျီရက်စ်
ဘော်ဒိုးအသင်းရဲ့ ဂန္ထဝင်ကစားသမား အလန်းဂျီရက်စ်ဟာ လိုင်ယွန်အသင်းရဲ့ တိုက်စစ်မှူး အန်းဒရစ်ခ်ရဲ့ ခြေစွမ်းအပေါ် အခုထက်ထိတော့ အကြိုက်မတွေ့သေးပါဘူး။
ရီးရဲလ်မက်ဒရစ်အသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ အန်းဒရစ်ခ်ဟာ ဇန်နဝါရီလမှာ ရောက်ရှိလာကတည်းက လီဂူးဝမ်းပြိုင်ပွဲမှာ အထင်ကြီးစရာ ခြေစွမ်းတွေ ပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။
ဒါပေမဲ့ လီဂူးဝမ်းချန်ပီယံဆုကို နှစ်ကြိမ်တိုင်တိုင် ဆွတ်ခူးခဲ့ဖူးသလို ပြင်သစ်အသင်းနဲ့အတူ ယူရိုဖလားကိုလည်း ရရှိခဲ့ဖူးတဲ့ ဂျီရက်စ်ကတော့ မာဆေးလ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အန်းဒရစ်ခ်ရဲ့ စွမ်းဆောင်ရည်အပေါ် ဝေဖန်မှုအချို့ ပြုလုပ်ခဲ့ပါတယ်။
၎င်းက "အန်းဒရစ်ခ်လို ကစားသမားတွေကို ကြည့်ပါ။ သူက တခြားကမ္ဘာကနေ ရောက်လာတဲ့ ကစားသမားတစ်ယောက်လိုမျိုး လူပြောများနေတာပါ။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ သူ့ဆီကနေ ဒီထက်ပိုပြီး မြင်ချင်ပါသေးတယ်။ ဒီလိုပွဲမျိုးတွေမှာ သူက အပြောင်းအလဲလုပ်ပေးနိုင်တဲ့သူ ဖြစ်နေရမှာပါ" လို့ ပြောပါတယ်။
"သူ လေထဲကလာတဲ့ ဘောလုံးကို ထိန်းဖို့ ကြိုးစားခဲ့တုန်းက တကယ့်ကို ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခု ရခဲ့ပါသေးတယ်။ ဒီလို ကစားသမားမျိုးတွေဟာ အရေးကြီးတဲ့ပွဲစဉ်တွေမှာ အပိုင်အဆုံးသတ်နိုင်ဖို့ လိုအပ်ပါတယ်" လို့လည်း ဆိုပါတယ်။
မာဆေးလ်အသင်းက ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲနဲ့ ပတ်သက်ပြီး ဂျီရက်စ်က L'Equipe သတင်းစာကို အခုလို ပြောပြခဲ့ပါတယ်။ "တကယ့်ကို ပွဲကြီးပွဲကောင်း တစ်ပွဲပါပဲ။ ကျွန်တော် အရမ်းကို သဘောကျမိပါတယ်။ အသင်းနှစ်သင်းလုံးက အစွမ်းကုန် ကြိုးစားကစားခဲ့ကြတယ်။ ဘောလုံးရထားတဲ့ အချိန်တိုင်းမှာလည်း ပြိုင်ဘက်ဂိုးဧရိယာထဲကို ဒုက္ခပေးဖို့နဲ့ ဂိုးသွင်းခွင့်တွေရဖို့ တကယ်ကို စိတ်အားထက်သန်ခဲ့ကြပါတယ်။"
"ဘောလုံးစီးဆင်းမှုကလည်း တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်နဲ့ အရမ်းကောင်းပါတယ်။ မာဆေးလ်က ပွဲအစပိုင်းမှာတင် ဂိုးပေးလိုက်ရနိုင်ပေမဲ့ ပွဲပြီးတဲ့အထိ စိတ်ဓာတ်မကျဘဲ ကစားသွားခဲ့တယ်။ သူတို့တွေ ဘယ်တော့မှ အရှုံးမပေးဘဲ နိုင်ပွဲရဖို့အတွက် အစွမ်းကုန် တိုက်ပွဲဝင်ခဲ့ကြတာပါ။ အချိန်တွေ ဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်ရပါဘူး" လို့ ပြောကြားခဲ့ပါတယ်။