The network connection is lost.

Banner Image

ယူနိုက်တက်အနေနဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့ရဖို့ရှိနေတယ်လို့ ဝန်ခံပြောကြားလာတဲ့ အာမိုရင်

အာဆင်နယ်နဲ့ ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အာမိုရင်က သူ့ရဲ့အသင်းဟာ အခက်အခဲတွေနဲ့ ကြုံတွေ့သွားရဖို့ရှိနေတယ်လို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။ အာမိုရင်ဟာ ယူနိုက်တက်နည်းပြဘဝ ပွဲဦးထွက်မှာ အစ်ဆွစ်ချ်ကို ၁-၁ နဲ့သရေကျခဲ့ပေမယ့် နောက်ထပ်ကိုင်တွယ်ခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာတော့ ဘိုဒိုဂလင့်ကို ၃-၂ နဲ့အနိုင်ရခဲ့ပြီး တနင်္ဂနွေနေ့က အဲဗာတန်နဲ့စဉ်မှာလည်း ၄-၀ ဆိုတဲ့အနိုင်ရလဒ်ကို ဆက်လက်ဖော်ဆောင်ပေးထားနိုင်တာဖြစ်ပါတယ်။ 

သို့သော်လည်း အသက်-၃၉ နှစ်အရွယ် ပေါ်တူဂီသားက ကြာသပတေးနေ့နံနက် အာဆင်နယ်နဲ့ယှဉ်ပြိုင်သွားရမယ့် ပွဲစဉ်မတိုင်မီမှာတော့ ယူနိုက်တက်နည်းပြတစ်ယောက်ရဲ့ဘဝဟာ မလွယ်ကူကြောင်းနဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့သွားရဖို့ရှိနေကြောင်း ပြောကြားလာခဲ့တာဖြစ်ပါတယ်။ 

အာဆင်နယ်ကိုအနိုင်ယူဖို့ မျှော်လင့်ထားသလားလို့ မေးမြန်းခဲ့ရာ အာမိုရင်က “ကျွန်တော် အခြားအကြောင်းအရာတွေပဲပြောချင်ပါတယ်။ ကျွန်တော်ပြောချင်တာကတော့ အခက်အခဲတွေ ရှိလာမယ်ဆိုတာပါပဲ။ အချို့ပွဲစဉ်တွေမှာ ကျွန်တော်တို့ခက်ခဲနေကြောင်း မြင်သာလာပါလိမ့်မယ်။ ကျွန်တော်က ဘောလုံးအကြောင်းနဲ့ ကစားသမားတွေအကြောင်းကို ကောင်းကောင်းသိနေလို့ပါ”

“ပြီးတော့ ပရီးမီးယားလိဂ်အသင်းတွေကြားက ကွာခြားချက်ကိုလည်း ကျွန်တော်နားလည်ပါတယ်။ အဲဗာတန်နဲ့ပွဲစဉ်မှာတော့ အသင်းရဲ့ကစားပုံက အနည်းငယ်ပြောင်းလဲမှုရှိလာတာကို မြင်တွေ့ခဲ့ပါလိမ့်မယ်။ အာဆင်နယ်က အသင်းကောင်းတစ်သင်းပါ။ ပြီးတော့ ကျွန်တော်တို့က ပြဿနာတွေရှိနေတဲ့အသင်းဆိုတော့ ပြောင်းလဲမှုတွေ ချက်ချင်းပြုလုပ်နိုင်မှာတော့မဟုတ်ပါဘူး။ ဒါကြောင့် ပွဲစဉ်တိုင်းမှာ အာရုံစိုက်ဖို့လိုအပ်နေပါသေးတယ်။ ကျွန်တော်တို့ရဲ့ကစားပုံကို တိုးတက်စေဖို့နဲ့ ပြိုင်ဘက်ကို ကောင်းကောင်းနားလည်ဖို့လည်း လိုအပ်ပါသေးတယ်”

“အခုလို သတင်းစာရှင်းလင်းပွဲတွေမှာ ဒီလိုတွေပြောဖို့က ယူနိုက်တက်နည်းပြတစ်ယောက်အနေနဲ့ အတော်လေးခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအသင်းပရိသတ်တွေက အမြဲတမ်းအနိုင်ရချင်နေကြလို့ပါ။ ကျွန်တော်တို့ကလည်း ဘာပဲဖြစ်ဖြစ် အနိုင်ရဖို့ကြိုးစားသွားမှာပါပဲ။ ဒါပေမယ့် အာဆင်နယ်နဲ့ယှဉ်လိုက်ရင်တော့ ကျွန်တော်တို့က မတူညီတဲ့အခြေအနေမှာရှိနေပါတယ်။အနိုင်ရဖို့ယုံကြည်ချက်တော့ရှိပါတယ်။ ဒီပွဲအပြီး နောက်ပွဲတွေမှာ အရမ်းကောင်းတဲ့ကစားပုံကို တည်ဆောက်သွားရမယ်ဆိုတာလည်း မေ့ထားလို့မရပါဘူး” လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး အာဆင်နယ်အတွက် အာတီတာလုပ်ပြထားနိုင်တာတွေက ချီးကျူးစရာဖြစ်ကြောင်းကို ပေါ်တူဂီသားက “အာတီတာက အရမ်းကောင်းတဲ့အလုပ်တွေ လုပ်ထားနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ဆုဖလားအပေါ်မူတည်ပြီး နည်းပြတွေကို အကဲဖြတ်ကြပေမယ့် သူကတော့ အရမ်းတော်တဲ့နည်းပြတစ်ယောက်လို့ ကျွန်တော်ထင်ပါတယ်။ သူ ကစားသမားအချို့ဝယ်ယူခဲ့ပြီး အဲဒီကစားသမားလေးတွေက အခုချိန်မှာ ကလပ်အတွက်ရောနိုင်ငံအတွက်ပါ အကျိုးပြုထားနိုင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ယူနိုက်တက်အနေနဲ့ နည်းပြသစ်အာမိုရင်လက်ထက် ရှုံးပွဲမရှိ မှတ်တမ်းကို ဆက်လက်ထိန်းသိမ်းဖို့ ကြိုးစားသွားရမှာဖြစ်ကာ အာဆင်နယ်နဲ့ပွဲစဉ်အပြီး လာမယ့် တနင်္ဂနွေနေ့မှာတော့ နော်တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရပါမယ်။