The network connection is lost.

Banner Image

ဘိုဒိုဂလင့်နဲ့ပွဲစဉ်အပြီး တော့တင်ဟမ်အသင်းရဲ့စရိုက်လက္ခဏာကို ချီးကျူးဂုဏ်ပြုခဲ့တဲ့ သောမတ်စ်ဖရန့်ခ်

သောမတ်စ်ဖရန့်ခ်က တော့တင်ဟမ်အသင်းရဲ့စရိုက်လက္ခဏာကို နောက်တစ်ကြိမ်ချီးကျူးဂုဏ်ပြုခဲ့ပေမဲ့ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဘိုဒိုဂလင့်နဲ့ရင်ဆိုင်ရချိန် တစ်ဖက်နှစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့တဲ့ပွဲစဉ်မှာ ပြိုင်ဘက်အသင်းရဲ့စွမ်းဆောင်ရည်ပိုင်း ပိုမိုကောင်းမွန်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

လွန်ခဲ့တဲ့လေးလ၊ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာ နှစ်ကျော့ပေါင်းရလဒ် ၅-၁ ဂိုးဖြင့် အနိုင်ယူခဲ့ဖူးတဲ့ ပြိုင်ဘက်ကို အဝေးကွင်းမှာ ပြန်လည်ရင်ဆိုင်ရချိန် တော့တင်ဟမ်အတွက် အဖိုးတန်တစ်မှတ်ရရှိနိုင်ဖို့ ပြိုင်ဘက်ကစားသမားရဲ့ပွဲချိန်နှောင်းပိုင်း Own Goal ကို မဖြစ်မနေလိုအပ်ခဲ့ပါတယ်။

ဒါ့အပြင် အခုပွဲစဉ်ရဲ့ပွဲချိန်အများစုမှာ ဘိုဒိုဂလင့်က ပရီမီးယားလိဂ်ကလပ်အသင်းကို လွှမ်းမိုးကစားနိုင်ခဲ့ပြီး ဒုတိယပိုင်းပွဲချိန်အတွင်း ဦးဆောင်ဂိုးနှစ်ဂိုးအထိ သွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ တော့တင်ဟမ်က အသင်းခေါင်းဆောင်ဗန်ဒီဗန်ရဲ့ ဗွေဆော်ဦးချေပဂိုးအပြင် နှစ်ဂိုးစီသရေရလဒ်ထွက်ပေါ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

TNT Sports နဲ့တွေ့ဆုံချိန် သောမတ်စ်ဖရန့်ခ်က “ ပထမဆုံးဦးဆုံးခံစားမိတဲ့ အပေါင်းလက္ခဏာဆောင်တဲ့အချက်က ကစားသမားတွေရဲ့စိတ်ဓါတ်ပိုင်းနဲ့ စရိုက်လက္ခဏာ အရမ်းကောင်းခဲ့တယ်ဆိုတာပါပဲ။ သူတို့က ပွဲချိန်ပြည့်ကြိုးစားရုန်းကန်ခဲ့ပြီး အလွန်ကောင်းမွန်တဲ့ အဝေးကွင်းသရေတစ်မှတ်ကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အထူးသဖြင့် ဘိုဒိုဂလင့်လို အိမ်ကွင်းကစားအားကောင်းမွန်တဲ့ပြိုင်ဘက်ကို ချန်ပီယံလိဂ်လိုပြိုင်ပွဲမှာ ရင်ဆိုင်ရချိန် နှစ်ဂိုးပြတ်ရှုံးနိမ့်နေပြီဆိုရင် အခုပွဲပြီးရလဒ်အတွက် ကျေနပ်ပျော်ရွှင်သင့်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ပြိုင်ပွဲဆီ ကျွန်တော့်ရဲ့အသင်း နောက်တစ်ကြိမ်ပြန်လာနိုင်ခဲ့လို့ ပျော်ရွှင်မိပါတယ်။ ဒါက အလွန်အပြုသဘောဆောင်တဲ့အချက်လို့ ထင်ပါတယ်။

အထူးသဖြင့် ပထမပိုင်းပွဲချိန်အတွင်းနဲ့ နှစ်ဂိုးမသွင်းယူနိုင်ခင်အထိ ဘိုဒိုဂလင့်က ပိုကောင်းတဲ့အသင်းလို့ပဲ ပြောရပါလိမ့်မယ်။ သူတို့တွေက သူတို့လုပ်ရမယ့်အရာကို ကောင်းကောင်းလေ့ကျင့်ပြင်ဆင်ခဲ့ပြီး ဒါကိုလည်း ပထမပိုင်းပွဲချိန်အတွင်းမှာ ရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့မယ်လို့ ထင်ပါတယ်။

ကျွန်တော်တို့လည်း ခံစစ်ပိုင်းမှာ ရုန်းကန်ခဲ့ရပြီး များပြားလွန်းတဲ့ဖိအားတွေကြောင့် ခံစစ်ကိုပြင်ဆင်နိုင်ဖို့တောင် အချိန်မလုံလောက်ခဲ့ပါဘူး။ကစားကွက်တည်ဆောက်ချိန်တွေမှာလည်း ကျွန်တော်တို့တွေ ပိုပြီးရဲရဲရင့်ရင့်နဲ့ ပိုကောင်းအောင်လုပ်သင့်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ၂-၀ ဂိုးဖြစ်သွားချိန်မှာတော့ ကျွန်တော်တို့တွေ ပွဲစဉ်ဆီ ပြန်လာနိုင်ခဲ့ပြီး လက်ကျန်ပွဲကစားချိန်တွေအတွက် အကောင်းဆုံးအသင်း ဖြစ်ခဲ့ပါတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး သောမတ်စ်ဖရန့်ခ်က ဘိုဒိုဂလင့်အိမ်ကွင်းရဲ့မြက်ခင်းတုကွင်းမျက်နှာပြင်ကို အပြစ်တင်သွားဖို့ ငြင်းဆန်ခဲ့ပါတယ်။ သူက “ ကွင်းမျက်နှာပြင်နဲ့ပတ်သက်လို့ ကျွန်တော် ပြောစရာမရှိပါဘူး။ ဒါပါပဲ။ ကျွန်တော်တို့အတွက် ဘောလုံးကို ပိုကောင်းအောင်ထိန်းသိမ်းထားနိုင်သင့်တဲ့ အခိုက်အတန့်တွေ ရှိခဲ့တယ်ဆိုတာ သံသယမဖြစ်လိုက်ပါနဲ့။ ဒါပေမဲ့ ဒီနေ့ကတော့ အသင်းတစ်ခုအဖြစ် (သို့မဟုတ်) ကစားသမားစုဖွဲ့မှုတစ်ခုအဖြစ် အမြင့်ဆုံးအဆင့်အတန်းမျိုးဆီ မရောက်ရှိခဲ့တာမျိုး ဖြစ်နိုင်ပါတယ်။ အရေးအကြီးဆုံးကတော့ မှန်ကန်တဲ့အရာတွေကို ဆက်လုပ်ဆောင်သွားဖို့ ဖြစ်ပါတယ်”လို့ ပြောပါတယ်။