The network connection is lost.

Banner Image

ဗင်နီစီးယက်စ် အသက်-၃၀ လောက်မှာ ဘောလုံးလောကမှအနားယူသွားခဲ့ရင် အံ့ဩမိမှာမဟုတ်ဘူးလို့ဆိုလာတဲ့ ဟာဇက်

ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်း အီဒင်ဟာဇက်က ဗင်နီစီးယက်စ်ဟာ အသက် ၃၀ လောက်နဲ့ စောစောစီးစီး အနားယူသွားလိမ့်မယ်လို့ ခန့်မှန်းပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့လက Estádio da Luz ကွင်းမှာ ကစားခဲ့တဲ့ ဘင်ဖီကာနဲ့ပွဲမှာ မက်ဒရစ်အသင်းက ၁ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ဗင်နီစီးယက်စ်က အဆိုပါ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။

ဒါပေမဲ့ အဲဒီနိုင်ပွဲဟာ ဗင်နီစီးယက်စ်အပေါ် လူမျိုးရေးခွဲခြားတဲ့ စကားတွေ ပြောခဲ့တယ်လို့ ယူဆရတဲ့ ဂီယန်လူကာ ပရက်စတီယာနီရဲ့ လုပ်ရပ်ကြောင့် မှေးမှိန်ခဲ့ရပြီး ဗင်နီစီးယက်စ်ကလည်း ပွဲကို ခေတ္တရပ်နားဖို့ တောင်းဆိုခဲ့ပါတယ်။

မက်ဒရစ်ကြယ်ပွင့်ဟာ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက်လုံးမှာ အနှောင့်အယှက်တွေ ခံခဲ့ရသူဖြစ်ပြီး သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ချင်ကြတဲ့ ကစားသမားတွေနဲ့ ပရိသတ်တွေကြောင့် သူ့ရဲ့အရည်အချင်းနဲ့ ဘောလုံးအပေါ်ထားတဲ့ ချစ်စိတ်တွေဟာ မကြာခဏဆိုသလို လျစ်လျူရှုခံခဲ့ရပါတယ်။

RTBF နဲ့ အင်တာဗျူးမှာ ဟာဇက်က ဗင်နီစီးယက်စ်ဟာ သူ့ရဲ့ကစားသမားဘဝ ရှေ့ဆက်နေတာနဲ့အမျှ ဖိအားတွေက သူ့ကို အမြဲတမ်း ဖိနှိပ်နေတာကြောင့် စောစောစီးစီး အနားယူသွားလိမ့်မယ်လို့ ခန့်မှန်းခဲ့တာပါ။

"ဒီနေ့ခေတ်မှာ လူတွေက သူ ကွင်းထဲမှာ ဘာတွေစွမ်းဆောင်ပေးသလဲဆိုတာထက် ကွင်းပြင်ပက သူ့ရဲ့ လုပ်ဆောင်ချက်တွေ ဒါမှမဟုတ် သူ ရင်ဆိုင်နေရတဲ့ အခြေအနေတွေအကြောင်းကိုပဲ ပိုပြောနေကြပါတယ်။ သူဟာ ဘယ်လောက်တောင် ထူးချွန်တဲ့ ကစားသမားလဲဆိုတာကို လူတွေက မေ့နေကြတယ်" လို့ ဟာဇက်က ဆိုပါတယ်။

"ဒါတွေအားလုံးဟာ သူ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေမှာပါ။ ဘောလုံးကစားဖို့ပဲ စဉ်းစားပြီး ကွင်းထဲဆင်းဖို့ဆိုတာ မလွယ်ကူပါဘူး။ တကယ်လို့ သူက အသက် ၃၀ မှာ ဘောလုံးလောကကနေ ထွက်ခွာတော့မယ်၊ အနားယူတော့မယ်လို့ ပြောလာခဲ့ရင်တောင် ကျွန်တော် မအံ့သြပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်လို့ပါပဲ။ သူက ဘောလုံးကစားရတာကို နှစ်သက်ပြီး ကွင်းထဲမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ကစားချင်တဲ့သူပါ။ ကျွန်တော် ကွင်းထဲမှာ ကစားခဲ့တုန်းက ပုံစံမျိုးပေါ့" လို့ ၎င်းက ဆက်ပြောပါတယ်။

ဒါ့အပြင် ဟာဇက်က "ကျွန်တော် သူ့ကို ပြောချင်တာက 'သတိထားပါ၊ မင်းကစားချင်တဲ့ပုံစံအတိုင်း ကစားပါ၊ ဒါပေမဲ့ သတိတော့ထားပါ။ လူတွေက မင်း အမှားလုပ်မိမှာကိုပဲ စောင့်ကြည့်နေကြတာ။ ဆက်ပြီး ကစားပါ၊ ပျော်ပျော်ရွှင်ရွှင် ကစားပြီး တကယ့် ဘောလုံးပရိသတ်တွေကို ဖျော်ဖြေပေးပါ' လို့ပဲ ပြောချင်ပါတယ်" ဟု ဆိုပါတယ်။

ဗင်နီစီးယက်စ်ကလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လူမျိုးရေးခွဲခြားသူတွေကို "လူကြောက်တွေ" လို့ ဖော်ပြခဲ့သလို၊ အခုလိုဖြစ်ရပ်တွေဟာ သူ့ရဲ့ကစားသမားဘဝမှာ "အသစ်အဆန်းမဟုတ်တော့ကြောင်း" နဲ့ ဒါတွေက ဘောလုံးကစားရတဲ့ ပျော်ရွှင်မှုကို မကြာခဏ ပျောက်ဆုံးစေကြောင်း ရေးသားခဲ့ပါတယ်။