The network connection is lost.

Banner Image

အာဆင်နယ်နဲ့ပွဲမှာ ပင်နယ်တီမပေးခဲ့သင့်ဘူးလို့ဆိုလာတဲ့ လေဗာကူဆင်နည်းပြ ဟူးလ်မန်း

ဗုဒ္ဓဟူးနေ့နံနက်က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းနဲ့ ၁-၁ ဂိုးစီ သရေကျခဲ့ပြီးနောက်၊ အာဆင်နယ်အသင်း ငြင်းခုန်ဖွယ်ရာ ပင်နယ်တီ ရရှိသွားခဲ့တာနဲ့ ပတ်သက်ပြီး လေဗာကူဆင်နည်းပြ ကတ်စပါး ဟူးလ်မန်းက အလွန်အမင်း ဒေါသထွက်နေပါတယ်။

ဂျာမနီကလပ် လေဗာကူဆင်ဟာ ဒုတိယပိုင်းစပြီး မကြာခင်မှာပဲ ဦးဆောင်ဂိုး ရရှိခဲ့တာကြောင့် အမှတ်ရစရာ နိုင်ပွဲတစ်ခု ရတော့မယ်လို့ ထင်မှတ်ခဲ့ရပေမဲ့ အာဆင်နယ်အသင်း ပင်နယ်တီ ကန်ခွင့်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

လေဗာကူဆင် တိုက်စစ်မှူးဟောင်း ကိုင်ဟာဗက်ဇ်က အဆိုပါပင်နယ်တီကို ကန်သွင်းပြီး သူ့ရဲ့ အသင်းဟောင်းကို စိတ်ပျက်သွားအောင် လုပ်ဆောင်ခဲ့သလို အာဆင်နယ်အတွက်လည်း သရေတစ်မှတ် ရအောင် ကယ်တင်ပေးခဲ့ပါတယ်။

ပွဲအပြီးမှာတော့ နည်းပြ ဟူးလ်မန်းက အဆိုပါ ပင်နယ်တီဟာ မပေးသင့်တဲ့ အရာဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပြီး "ကျွန်တော့်မှာ ခံစားချက်မျိုးစုံ ဖြစ်နေရပါတယ်။ ထိပ်တန်းအသင်းတစ်သင်းနဲ့ ကစားရာမှာ တကယ်ကို ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးဖြစ်သွားတဲ့ အခြေအနေကြောင့် စိတ်ပျက်မိတာတော့ အမှန်ပါပဲ။ ၁-၁ ဖြစ်သွားတာထက် ၁-၀ နဲ့ နိုင်တာက သိသိသာသာကို ပိုကောင်းမှာပေါ့။ ကျွန်တော့်အမြင်မှာတော့ ဒါဟာ ပင်နယ်တီ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ ဖြစ်သွားပြီပဲ" လို့ ဆိုပါတယ်။

"ကျွန်တော်တို့ လန်ဒန်ကို မျှော်လင့်ချက်တွေနဲ့ သွားမှာပါ။ အာဆင်နယ်အသင်းအပေါ် ဖိအားတွေ အများကြီး ရှိနေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ နောက်ထပ် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တစ်ခုကို ထပ်ပြီး ပြသရပါမယ်၊ ပြသနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ အခွင့်အရေးကို အရယူရမှာဖြစ်ပြီး အင်္ဂါနေ့မှာ ကစားမယ့်ပွဲကို မျှော်လင့်စောင့်စားနေပါတယ်။ ဒါပေမဲ့ အခုလောလောဆယ်မှာတော့ ဘိုင်ယန်နဲ့ပွဲက ပိုအရေးကြီးပါတယ်" လို့လည်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။