The network connection is lost.

Banner Image

ရာသီကုန်မှာ ဆာလက်ကို ခေါ်ယူတော့မယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ပီအက်စ်ဂျီဥက္ကဌ တုံ့ပြန်

မကြာသေးမီကာလတွေမှာ လီဗာပူးတောင်ပံကစားသမား မိုဟာမက်ဆာလက်ဟာ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာပြီး ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီသို့ ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ယခုအခါမှာတော့ အဆိုပါသတင်းတွေနဲ့ ပတ်သက်ပြီး ပီအက်စ်ဂျီဥက္ကဌ အယ်လ်ခီလိုင်ဖီက တုံ့ပြန်ပြောဆိုမှုတွေ ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ 

နည်းပြဟောင်း ယာဂင်ကလော့ပ်လက်ထက်မှာကတည်းက ခြေစွမ်းကောင်းကို တောက်လျှောက် ထိန်းသိမ်းထားနိုင်ခဲ့တဲ့ ဆာလက်ဟာ နည်းပြသစ် အန်းစလော့လက်အောက်မှာလည်း တူညီတဲ့ ခြေစွမ်းကို ဆက်လက်ပြသထားပြီး အသင်းရဲ့ အရေးပါဆုံးသော တိုက်စစ်ကစားသမားအဖြစ် ရပ်တည်ထားနိုင်တာဖြစ်ပါတယ်။ 

အီဂျစ်လက်ရွေးစင်ကစားသမားဟာ ရာသီကုန်မှာ လီဗာပူးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့် အခုချိန်အထိ စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေပြုလုပ်ထားခြင်းမရှိသေးတာကြောင့် အသင်းကနေ ထွက်ခွာနိုင်ချေရှိတယ်လို့ ယူဆထားကြပြီး ပီအက်စ်ဂျီနဲ့ ကောလာဟလတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ 

သို့သော်လည်း ပီအက်စ်ဂျီဥက္ကဌ အယ်လ်ခီလိုင်ဖီကတော့ “ဒီသတင်းတွေက မမှန်ပါဘူး။ သူက တကယ်ကို ထူးချွန်ထက်မြက်တဲ့ ကစားသမားတစ်ယောက်ဆိုတာတော့ မှန်ပေမယ့် ကျွန်တော်တို့ သူ့ကိုခေါ်ဖို့ စိတ်ကူးထားတာမျိုးမရှိပါဘူး။ ကလပ်အသင်းတွေအားလုံး သူ့ကိုလိုချင်တယ်ဆိုတာတော့ မှန်ပေမယ့် ကျွန်တော်တို့နဲ့ထွက်တဲ့သတင်းတွေက ကောလာဟလတွေပါ” လို့ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ 

ယခုတစ်ပတ်အတွင်း ထွက်ပေါ်ခဲ့တဲ့ ပြင်သစ်သတင်းစာတစ်ခုမှာတော့ ပီအက်စ်ဂျီဟာ ဆာလက်ကို ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေကို ငြင်းပယ်ထားခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။ သို့သော်လည်း အချို့သတင်းတွေမှာတော့ အသက်-၃၂ နှစ်အရွယ်ကစားသမားကို ခေါ်ယူဖို့ ပီအက်စ်ဂျီဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာပဲ အကြိုသဘောတူစာချုပ် ချုပ်ဆိုဖို့ ပြင်ဆင်နေတယ်လို့ ဆိုကြပါတယ်။ 

တစ်ဖက်မှာ ဆာလက်ကလည်း မန်စီးတီးကို အနိုင်ရပြီးနောက် ရာသီကုန်မှာ လီဗာပူးမှာ ထွက်ခွာဖို့ အလားအလာရှိကြောင်းကို “ကျွန်တော့်ခေါင်းထဲမှာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားထားတာမျိုးရှိပါတယ်။ အခုပွဲစဉ်က မန်စီးတီးကို အန်ဖီးလ်မှာ နောက်ဆုံးကစားတာ ဖြစ်သွားကောင်းဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့ပွဲမှာ ပျော်ပျော်ရွှင်ရွှင်ကစားခဲ့ပါတယ်။ ဒီကွင်းမှာရှိနေတဲ့ အငွေ့အသက်က အမြဲတမ်း လတ်ဆတ်နေတုန်းပါပဲ။ ဒါကြောင့် ဒီမှာရှိနေတဲ့ စက္ကန့်တိုင်းမှာ ပျော်ရွှင်နေပါတယ်။ ရာသီကုန်မှာ အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ထားပြီး ကျန်တာတွေကတော့ ဘာတွေဆက်ဖြစ်မလဲ စောင့်ကြည့်ရဦးမှာပေါ့” လို့အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ 

၂၀၁၇ ခုနှစ်မှာ ရိုးမားမှ လီဗာပူးသို့ပြောင်းရွှေ့လာခဲ့တဲ့ ဆာလက်ဟာ အသင်းအတွက် စုစုပေါင်း ၃၆၈ ပွဲကစားပြီး ၂၂၃ ဂိုးအထိသွင်းယူပေးထားနိုင်ပါတယ်။ ဒါကြောင့် လာမယ့်နွေရာသီမှာ အန်ဖီးလ်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခဲ့မယ်ဆိုရင်တော့ လီဗာပူးတဲ့ ကြီးမားတဲ့ ဆုံးရှုံးနစ်နာမှုဖြစ်လာဖို့ ရှိနေပါတယ်။