
The network connection is lost.

ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ တော့တင်ဟမ်ဟာ အာဆင်နယ်ဘက်သို့ ပင်နယ်တီပြစ်ဒဏ်ဘောမှတစ်ဆင့် ဦးဆောင်ဂိုးခွင့်ပြုခဲ့ရပြီး ပွဲအပြီးမှာတော့ ၂-၂ နဲ့ သရေရလဒ်သာ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ သို့သော် တော့တင်ဟမ်နည်းပြ ပိုစတီကိုဂလူကမူ ပင်နယ်တီဧရိယာအတွင်း နောက်ခံလူ ရိုမဲရိုးရဲ့လက်နဲ့ထိခဲ့တာကြောင့် အာဆင်နယ် ရရှိခဲ့တဲ့ ပင်နယ်တီပြစ်ဒဏ်ဘောနဲ့ ပတ်သက်ပြီး မိမိမှာ ယခုချိန်အထိ ရှင်းရှင်းလင်းလင်းနားမလည်သေးကြောင်း ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။
ဩစတေးလျသား ပိုစတီကိုဂလူဟာ တော့တင်ဟမ်နည်းပြအဖြစ် စတင်ဆောင်ရွက်လာချိန်ကတည်းက အသင်းရဲ့ကစားပုံကို အကောင်းဆုံးပုံစံရရှိအောင် တည်ဆောက်နိုင်ခဲ့တဲ့အပြင် ၎င်းရဲ့ တိုက်ခိုက်တဲ့ အတွေးအခေါ်နဲ့ အင်တာဗျူးတွေဆီသို့ ရိုးသားတဲ့ချဉ်းကပ်မှုတွေကြောင့် လေးစားသူ အများအပြားရရှိထားသူဖြစ်ပါတယ်။ ၎င်းဟာ ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ပွဲစဉ်မှာလည်း ခက်ခဲတဲ့ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ပြီး သရေရလဒ်ကိုသာရရှိခဲ့ပေမယ့် ကျေနပ်တဲ့အရိပ်အယောင်တော့ ပြသထားခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်း ၅၄ မိနစ်မှာ ဆာကာရဲ့ ပင်နယ်တီဂိုးကို ခွင့်ပြုပေးခဲ့ရပေမယ့် ၁ မိနစ်အကြာမှာပဲ ဆွန်ဟောင်မင်က တော့တင်ဟမ်အတွက် ချေပဂိုးကို ပြန်လည်သွင်းယူသွားနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာတော့ ၂-၂ နဲ့သရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်နောက်ခံလူ ဘန်ဝှိုက်ရဲ့ကန်ချက် တော့တင်ဟမ်နောက်ခံလူ နောက်ခံလူ ရိုမဲရိုးရဲ့ လက်မောင်းနဲ့ထိခဲ့လို့ ကွင်းလယ်ဒိုင်က VAR နဲ့ပြန်လည်စစ်ဆေးခဲ့ပြီးနောက် ပင်နယ်တီအဖြစ်သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။
သို့သော်ပိုစတီကိုဂလူကမူ "သူ့လက်နဲ့ထိ မထိ ကိုတော့ ကျွန်တော်မမြင်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် လက်ထိဘောရဲ့ ပြစ်ဒဏ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်နားမလည်တာတွေ ရှိပါတယ်။ မနေ့က ဝုဗ်နဲ့ပွဲမှာ ကစားသမားတစ်ယောက်လက်နဲ့ ထိခဲ့ပေမယ့် ပင်နယ်တီမပေးခဲ့ပါဘူး။ ဒါကြောင့် ခင်ဗျား လက်နဲ့ထိခဲ့တယ်ဆိုရင် ပင်နယ်တီပေးရမှာဆိုပေမယ့် တစ်ချို့အချိန်တွေကျရင်တော့ လက်နဲ့ ထိခဲ့ရင်လည်း ပင်နယ်တီမပေးရပါဘူး။ ကျွန်တော်တော့နားမလည်တော့ပါဘူး။ ဒါကတော့ ပွဲထဲမှာ ကျွန်တော်နားမလည်တဲ့ တစ်ခုတည်းသော စည်းမျဉ်းပါပဲ။ ကျွန်တော်တို့မှာ လက်မောင်းမပါတဲ့ နောက်ခံလူတွေကိုထည့်ထားမယ်ဆိုရင် ဘောလုံးကို သဘာဝပုံစံအတိုင်း ဘယ်လိုလုပ်ကာကွယ်နိုင်မှာလဲ။ ဒါကြောင့် လက်ထိဘောနဲ့ပတ်သက်ပြီး ကျွန်တော်နားမလည်နိုင်တော့ပါဘူး။ ကျွန်တော် ဒါကိုအရင်တုန်းကလည်း ဒိုင်လူတွေကို ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့်ရိုးရိုးသားသားပြောရမယ်ဆိုရင် သူတို့ရဲ့ အမြင်ဘယ်လိုရှိလဲဆိုတာကျွန်တော် မသိပါဘူး"လို့ ပြောကြားခဲ့ပါတယ်။
တော့တင်ဟမ်အသင်းဟာ ယခုနှစ်ပရီးမီးယားလိဂ်ရာသီမှာ ၆ ပွဲဆက် ရှုံးပွဲမရှိ ကစားထားနိုင်ပြီး ၁၄ မှတ်အထိ စုဆောင်းထားနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက မန်ချက်စတာစီးတီးနဲ့ ၄ မှတ်အကွာ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။ အာဆင်နယ်နဲ့ ရင်ဆိုင်အပြီး ယခုအပတ်မှာတော့ ပိုစတီကိုဂလူရဲ့အသင်းဟာ နောက်ထပ်ပရီးမီးယားလိဂ်ထိပ်သီးကလပ်တစ်ခုဖြစ်တဲ့ လီဗာပူးနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။