The network connection is lost.

Banner Image

တော့တင်ဟစ်နည်းပြသစ်ဖြစ်လာပြီးနောက် အသင်းပရိသတ်တွေဆီ ပထမဆုံးအကြိမ်သတင်းစကားပါးလာတဲ့ ဒီဇာဘီ

ပြီးခဲ့တဲ့အင်္ဂါနေ့မှာ တော့တင်ဟမ်အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဒီဇာဘီက အသင်းပရိသတ်တွေအတွက် သူ့ရဲ့ ပထမဆုံးနှုတ်ခွန်းဆက်စကားကို ပြောကြားလိုက်ပါတယ်။

ယာယီနည်းပြအဖြစ် ခုနစ်ပွဲကိုင်တွယ်ရာမှာ တစ်ပွဲသာ အနိုင်ရခဲ့လို့ ထုတ်ပယ်ခံလိုက်ရတဲ့ တူဒေါရဲ့နေရာမှာ အခုတော့ အီတာလျံလူမျိုးနည်းပြ ဒီဇာဘီက အစားထိုးဝင်ရောက်လာပါတယ်။

မြောက်လန်ဒန်ကလပ်အသင်းက ပရီးမီးယားလိဂ်မှာ ဆက်လက်ရှင်သန်နိုင်ရေးအတွက် အသည်းအသန်ရုန်းကန်နေရပြီး နည်းပြသောမတ်စ်ဖရန့်ခ်ကို ထုတ်ပယ်ပြီးနောက်ပိုင်း ဒီဇာဘီက အခုဘောလုံးရာသီ၊ တော့တင်ဟမ်အသင်းရဲ့ တတိယမြောက်နည်းပြ ဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာတော့ တော့တင်ဟမ်က ရာသီလက်ကျန်ခုနစ်ပွဲအလို တန်းဆင်းဇုန်နဲ့တစ်မှတ်အကွာ၊ အမှတ်ပေးဇယားအဆင့်-၁၇ နေရာမှာ အန္တရာယ်ကြီးမားစွာဖြင့် ရပ်တည်နေပါတယ်။

အသက် ၄၆ နှစ်အရွယ် ဒီဇာဘီဟာ ဗုဒ္ဓဟူးနေ့မှာ အသင်းရဲ့ လေ့ကျင့်ရေးကွင်းဖြစ်တဲ့ Hotspur Way ဆီရောက်ရှိလာခဲ့ပြီး အသင်းရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှတစ်ဆင့် ပရိသတ်တွေဆီ အခုလို ပြောကြားခဲ့ပါတယ်။

"တော့တင်ဟမ်ပရိသတ်အားလုံး မင်္ဂလာပါ၊ ခင်ဗျားတို့နဲ့အတူ ဒီမှာရှိနေရတာ အရမ်းဝမ်းသာပါတယ်။ ဒီလိုအသင်းကြီးမှာ နည်းပြလုပ်ခွင့်ရတယ်ဆိုတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာဖြစ်သလို အလွန်လည်း ပီတိဖြစ်ရပါတယ်။ ကျွန်တော် အစွမ်းကုန်ကြိုးစားသွားမှာဖြစ်သလို ဒီအသင်းကြီးမှာ အချိန်အကြာကြီး နေထိုင်သွားချင်ပါတယ်။ မကြာခင် ဆုံကြတာပေါ့" လို့ ၎င်းက ဆိုပါတယ်။

ဒီဇာဘီက ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်း ပီအက်စ်ဂျီကို ၅ ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် သုံးရက်အကြာမှာပဲ မာဆေးလ်နည်းပြရာထူးမှ နုတ်ထွက်လာခဲ့ပါတယ်။

သူက ၂၀၂၄ ခုနှစ်အထိ ဘရိုက်တန်အသင်းကို ကိုင်တွယ်ခဲ့ဖူးလို ပရီးမီးယားလိဂ် အတွေ့အကြုံရှိထားသလို ဘရိုက်တန်နည်းပြဘ၀မှာ ၈၉ ပွဲကစား၊ ၃၈ ပွဲအထိ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဒီဇာဘီရဲ့တော့တင်ဟမ်နည်းပြဘဝပထမဆုံးပွဲစဉ်ကတော့ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့၊ ဆန်းဒါးလန်းအသင်းရဲ့ Stadium of Light ကွင်းပွဲစဉ် ဖြစ်ပါတယ်။ သူ့အတွက် ပထမဆုံးအိမ်ကွင်းပွဲစဉ်မှာတော့ အသင်းဟောင်းဘရိုက်တန်ကို ရင်ဆိုင်သွားရပါမယ်။