The network connection is lost.

Banner Image

ဒီဇာဘီကို ခန့်အပ်ခဲ့တဲ့ တော့တင်ဟမ်ရဲ့ဆုံးဖြတ်ချက် မှားယွင်းတယ်လို့ ဂါးလက်စ်ဝေဖန်၊ အသင်းတန်းဆင်းရရင် ဒီဇာဘီ ထွက်ခွာသွားလိမ့်မယ်လို့ ဆို

အာဆင်နယ်၊ ချဲလ်ဆီးနဲ့ တော့တင်ဟမ်ခံစစ်မှူးဟောင်း ဝီလျံဂါးလက်စ်က ဒီဇာဘီကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တဲ့ တော့တင်ဟမ်အသင်းရဲ့ဆုံးဖြတ်ချက်ကို ဝေဖန်လိုက်ပါတယ်။

ဒီဇာဘီက အီဂေါတူဒေါရဲ့နေရာမှာ အစားထိုးဝင်ရောက်ဖို့ ၅ နှစ်စာချုပ်ဖြင့် ရောက်ရှိလာခဲ့ပြီး ရာသီကုန်ဖို့ ခုနစ်ပွဲအလို အသင်းကို တန်းမဆင်းရအောင် ကယ်တင်ပေးရမယ့်တာဝန် ရှိနေပါတယ်။ အီတလီလူမျိုးနည်းပြနဲ့ သူ့ရဲ့နည်းပအဖွဲ့က လာမယ့်တနင်္ဂနွေနေ့၊ ဆန်းဒါးလန်းနဲ့ပွဲစဉ်မှာ စတင်တာဝန်ယူဖို့ရှိပြီး ၂၀၂၆ ခုနှစ်အတွင်း နိုင်ပွဲမရရှိထားတဲ့အသင်းရဲ့အခြေအနေကို ပြောင်းလဲပေးရမယ့် အခက်ခဲဆုံးတာဝန်ကို ထမ်းဆောင်သွားရပါလိမ့်မယ်။

အသင်းဘုတ်အဖွဲ့ကတော့ ဒီဇာဘီကို သူတို့ရဲ့ဦးစားပေးရွေးချယ်မှုဖြစ်တယ်လို့ ရှင်းလင်းထားပေမဲ့ ဂါးလက်စ်ကတော့ အကယ်၍ အသင်းသာ တန်းဆင်းသွားခဲ့ရင် ဒီဇာဘီလည်း ထွက်ခွာသွားနိုင်တယ်လို့ Boyle Sports နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

"ကျွန်တော်သာဆိုရင် ဟယ်ရီရက်ဒ်နက်ပ်ကိုပဲ ရွေးချယ်ပါမယ်။ သူ့မှာ အတွေ့အကြုံရှိတယ်။ တော့တင်ဟမ်နဲ့အတူ အခုလို အမှတ်ပေးဇယား အောက်ခြေနားရောက်နေတဲ့ အခြေအနေမျိုးကို အရင်ကလည်း ကြုံဖူးပြီးသားပါ။ တန်းမဆင်းရအောင် ကစားသမားတွေကို ဘယ်လို စိတ်ဓာတ်မြှင့်တင်ပေးရမလဲဆိုတာ သူက သိပါတယ်။

ဒီဇာဘီမှာ အဲဒီလိုအတွေ့အကြုံရှိတယ်လို့ ကျွန်တော် မထင်ဘူး။ တကယ်လို့ တော့တင်ဟမ်သာ တန်းဆင်းသွားရင် ဒီဇာဘီ ဆက်ရှိနေမယ်လို့ ခင်ဗျားတို့ ထင်လား? သူ့စာချုပ်ထဲမှာ ဘယ်လိုပဲ ပါပါ၊ အသင်းတန်းဆင်းသွားရင် သူ ထွက်သွားပါလိမ့်မယ်။

အသင်းကို ကယ်တင်ပေးနိုင်ပြီး ပရီးမီးယားလိဂ်မှာ ဆက်ရှိအောင် လုပ်ပေးနိုင်မယ့် နည်းပြမျိုးကိုပဲ ခေါ်ယူသင့်တာပါ။ ရက်ဒ်နက်ပ်မှာ သြဇာရှိသလို ကစားသမားတွေကို စိတ်ဓာတ်တက်ကြွအောင် လုပ်ပေးနိုင်တဲ့ အတွေ့အကြုံလည်း ရှိပါတယ်။

အခုမေးစရာရှိတာက နည်းပြတာဝန်ထပ်ယူဖို့ ရက်ဒ်နက်ပ်မှာ ခွန်အားရှိသေးရဲ့လား ဆိုတာပါပဲ။ ရာသီကုန်ဖို့ ၂ လပဲ လိုတော့တယ်ဆိုပေမဲ့ ဒါက မလွယ်ပါဘူး။ ခွန်အားတွေ အများကြီးလိုအပ်သလို သူ နောက်ဆုံးနည်းပြလုပ်ခဲ့တာလည်း တော်တော်လေးကြာခဲ့ပါပြီ" လို့ ဂါးလက်စ်က ဆိုပါတယ်။

သတင်းများအရ တော့တင်ဟမ်က ပရီးမီးယားလိဂ်မှာ ဆက်ရှိနေနိုင်ဖို့အတွက် နွေရာသီမတိုင်ခင် ဒီဇာဘီကို အသင်းဆီလာဖို့ အတင်းအကျပ် ဆွဲဆောင်ခဲ့တယ်လို့ သိရပါတယ်။ တကယ်လို့သာ ရည်မှန်းချက် မအောင်မြင်ခဲ့ရင် အသင်းမှာ ဒီဇာဘီ ဆက်ရှိနေမလား ဒါမှမဟုတ် ချန်ပီယံရှစ်မကစားချင်လို့ အသင်းမှထွက်ခွာသွားမလားဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။