ဒီနွေရာသီမှာ ပရီးမီးယားလိဂ်မှ ထွက်ခွာသွားနိုင်တဲ့ နာမည်ကြီးကစားသမား ၅ ဦး
ပရီးမီးယားလိဂ်ဟာ ဥရောပအခြေစိုက်ထိပ်တန်းကစားသမားတွေအတွက် အဓိကဦးတည်ရာနေရာတစ်ခု ဖြစ်နေဆဲလို့ ခံစားရပေမဲ့ လာမယ့်နွေရာသီမှာတော့ ဒီလိဂ်မှ နာမည်ကြီးကစားသမားအချို့ ထွက်ခွာသွားမယ့်အရေးကို မြင်တွေ့ရနိုင်ပါတယ်။
မိုဆာလက်
မိုဟာမက်ဆာလာကတော့ ဒီနွေရာသီမှာ လီဗာပူးမှ ထွက်ခွာတော့မယ်လို့ ကြေညာထားပြီးသားပါ။ လီဗာပူးအသင်းနဲ့ မိုဆာလက်တို့အကြား စာချုပ်ကို အချိန်စောပြီး အဆုံးသတ်ဖို့ သဘောတူညီထားလို့ အီဂျစ်ကြယ်ပွင့်က ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာခွင့် ရရှိထားပါတယ်။ ထွက်ခွာခွင့်ရတော့မှာ ဖြစ်ပါတယ်။
မိုဆာလက်က ကလပ်အသင်းသမိုင်းတစ်လျှောက် တတိယမြောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ်ရော၊ စံချိန်ပေါင်းများစွာကို ချိုးဖျက်ခဲ့တဲ့ အသင်းရဲ့ အကောင်းဆုံး ဂန္ထဝင်ကစားသမားတစ်ဦးအဖြစ်ပါ အမှတ်တရ ကျန်ရစ်ခဲ့ပါလိမ့်မယ်။ အန်းစလော့လက်ထက်မှာ အသက်-၃၃ နှစ်အရွယ်မိုဆာလက်ရဲ့ ခြေစွမ်းပိုင်းကျဆင်းလာမှုအပြင် ပုံမှန်ပွဲထွက်ခွင့်ပါ နည်းပါးလာလို့ အခုအချိန်က အသင်းနဲ့လမ်းခွဲဖို့ အကောင်းဆုံးအချိန်လို့ ယူဆနေကြပါတယ်။ ဆော်ဒီပရိုလိဂ်ကလပ်တွေက မိုဆာလက်ကိုခေါ်ယူဖို့ အကြီးအကျယ်ကြိုးစားလာနိုင်သလို အမေရိကန်မေဂျာလိဂ်(MLS) နဲ့ ဥရောပကလပ်တွေကလည်း ကစားသမားကို စိတ်ဝင်စားနေကြပါတယ်။ မိုဆာလက်ကတော့ ထိပ်တန်းအဆင့်မှာ ကစားနိုင်စွမ်းရှိသေးတယ်လို့ ယုံကြည်နေပုံ ရပါတယ်။
အန်ဇိုဖာနန်ဒက်စ်
အန်ဇိုဖာနန်ဒက်စ်ရဲ့အပြောင်းအရွှေ့သတင်းတွေကလည်း အခုထိ မရပ်တန့်သေးပါဘူး။ ဒီအာဂျင်တီးနားသားကိုယ်တိုင်လည်း သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဒွိဟဖြစ်စရာ စကားတွေ ပြောနေသလို စပိန်မှာနေထိုင်ချင်တဲ့ ဆန္ဒရှိတယ်လို့လည်း မကြာသေးခင်ကမှ ထုတ်ဖော်ပြောဆိုထားပါတယ်။
ရီးရဲလ်မက်ဒရစ်က ကွင်းလယ်ပိုင်းပြန်လည်တည်ဆောက်မှုအတွက် အသက် ၂၅ နှစ်အရွယ်ကစားသမားကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ချဲလ်ဆီးအသင်းကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ရုန်းကန်နေရလို့ ချန်ပီယံလိဂ် မကစားရဘူးဆိုရင် အသင်းမှထွက်ခွာဖို့ အန်ဇိုဖာနန်ဒက်ဇ် တွန်းအားပေးလာနိုင်ပါတယ်။
ရိုဒရီ
ရီးရဲလ်မက်ဒရစ်ရဲ့ပစ်မှတ်ထဲမှာပါနေသူ နောက်တစ်ဦးကတော့ ရိုဒရီပါ။ သူကိုယ်တိုင်လည်း စပိန်ပြန်ချင်တဲ့ဆန္ဒ ရှိနေပါတယ်။ Onda Cero ရေဒီယိုနဲ့ အင်တာဗျူးမှာ လာလီဂါကို ပြန်ဖို့ တံခါးဖွင့်ထားသလို အတိတ်ကာလ၊ အက်သလက်တီကိုမှာ ကစားခဲ့ဖူးခြင်းကြောင့် မြို့ခံပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့အတွက် အတားအဆီးမဖြစ်စေပါဘူးလို့ ပြောခဲ့ပါတယ်။
သူက "ကျွန်တော် လာလီဂါဆီ ပြန်ချင်တာပေါ့၊ အဲ့ဒီမှာပဲ ကျွန်တော် စတင်ခဲ့တာလေ။ အခုထိလည်း စောင့်ကြည့်ဖြစ်နေတုန်းပါပဲ" လို့ ဆိုပါတယ်။ အက်သလက်တီကိုကစားသမားဟောင်း ဖြစ်နေပေမဲ့ ရီးရဲလ်ကို ပြောင်းမလားလို့ မေးတဲ့အခါမှာတော့ သူက "အဲ့လိုမျိုး ပြောင်းသွားတဲ့ ကစားသမားတွေ အများကြီးရှိတယ်လေ၊ ဟုတ်တယ်မလား။ ကမ္ဘာ့အကောင်းဆုံးကလပ်တွေရဲ့ကမ်းလှမ်းမှုကိုတော့ ဘယ်သူမှ ငြင်းလို့မရပါဘူး။ ဘာနေဗျူးကွင်းက အမြဲတမ်း အံ့ဩဖို့ကောင်းနေတဲ့ ကွင်းပါ" လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ ဘော်လွန်းဒီအော်ဆုရှင်ရိုဒရီက လာမယ့်နွေရာသီမှာ မန်စီးတီးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ဆီ ရောက်ရှိလာပါလိမ့်မယ်။
ရိုမဲရိုး
ရိုမဲရိုးကတော့ တော့တင်ဟမ်းအသင်းအခြေအနေ ဘယ်လိုပဲရှိရှိ၊ ရာသီအကုန်မှာ အသင်းမှထွက်ခွာသွားမယ်လို့ မျှော်လင့်ရပါတယ်။ သူက အသင်းရဲ့ စီမံခန့်ခွဲမှုပိုင်းအပေါ် စိတ်ပျက်နေပြီး နှစ်ရာသီဆက်တိုက် အမှတ်ပေးဇယားအောက်ခြေနားမှာ ရုန်းကန်နေရမှုအပြင် ရင်းနှီးမြှုပ်နှံမှုပိုင်းအားနည်းမှုကိုလည်း လူသိရှင်ကြား ဝေဖန်ခဲ့ပါတယ်။ ရိုမဲရိုးကလည်း လာလီဂါဆီ ပြောင်းချင်နေပြီး စပိန်ထပ်တန်းကလပ်အသင်းသုံးခုလုံး သူ့ကို စိတ်ဝင်စားနေကြပါတယ်။
တိုနာလီ
တိုနာလီကလည်း ဇန်နဝါရီမှာကတည်းက ကလပ်အသင်းများစွာရဲ့ အာရုံစိုက်မှုကို ရရှိခဲ့လို့ အပြောင်းအရွှေ့အတွက် သတင်းကြီးနေပါတယ်။ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီးတို့က သူ့ကို ခေါ်ယူဖို့ စောင့်ကြည့်နေကြပေမဲ့ တိုနာလီကတော့ စီးရီးအေဆီပြန်ဖို့ ပိုဆန္ဒရှိနေပါတယ်။ ဂျူဗင်တပ်စ်က သူ့ကို ခေါ်ချင်ပေမဲ့ ငွေကြေးအခြေအနေအရ တကယ်ဖြစ်နိုင်မလားဆိုတာတော့ စောင့်ကြည့်ရပါဦးမယ်။ နယူးကာဆယ်ကတော့ တိုနာလီရဲ့တန်ဖိုးကို ပေါင်သန်း ၁၀၀ လောက် သတ်မှတ်ထားပါတယ်။