
ကွန်တီကို နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုလိုက်တဲ့ နာပိုလီ
နာပိုလီအသင်းကတော့ တော့တင်ဟမ်နည်းပြဟောင်း ကွန်တီကို နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုလိုက်ပါတယ်။
ကွန်တီဟာ နာပိုလီအသင်းနဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ အီတလီသားက နာပိုလီအသင်းကို ထိပ်ဆုံးနေရာပြန်ရောက်အောင် လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ အသင်းတာဝန်ရှိသူတွေက မျှော်လင့်နေကြပါတယ်။
နည်းပြရာထူးကို ရယူပြီးနောက် ကွန်တီက “နာပိုလီက ကမ္ဘာ့အရေးအကြီးဆုံးနေရာပါ။ ဒီလိုခုံအပြာမှာထိုင်ရတာ ကျွန်တော် ပျော်လည်းပျော်သလို စိတ်လည်းလှုပ်ရှားမိပါတယ်။ ကျွန်တော် ကတိပေးနိုင်တာတစ်ခုတော့ရှိပါတယ်။ အသင်းတိုးတက်လာဖို့အတွက် ကျွန်တော် အကောင်းဆုံး လုပ်ဆောင်ပေးသွားမှာပါ။ ကျွန်တော့်ရဲ့ အာရုံစိုက်မှုအပြင် ကျွန်တော်ဝန်ထမ်းတွေနဲ့ အတူတူလုပ်ဆောင်သွားမှာပါ”လို့ ကွန်တီက ပြောကြားခဲ့ပါတယ်။
ကွန်တီဟာ စီးရီးအေမှာ ကျင်လည်ခဲ့ဖူးတာကြောင့် နာပိုလီအသင်းကို ထိပ်ဆုံးနေရာပြန်ရောက်အောင် လုပ်ဆောင်ဖို့ မခက်ခဲနိုင်တာဖြစ်ပါတယ်။ ယခင်တုန်းက ကွန်တီဟာ အတ္တလန္တာ ၊ ဂျူဗင်တပ်စ်နဲ့ အင်တာတို့မှာ ကိုင်တွယ်ခဲ့ဖူးတာဖြစ်ပါတယ်။
နာပိုလီဟာ အိုဆီမင်ကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပြီး ကွန်တီက အခြားကစားသမားသစ်တွေနဲ့ အားဖြည့်ဖို့ ပြင်ဆင်နေပါတယ်။ အသက် ၅၄ နှစ်သားဟာ ဇူလိုင်လမှာစတင်မယ့်ရာသီကြိုမတိုင်ခင် စီနီယာအသင်းကစားသမားတွေနဲ့တွေ့ဆုံချင်နေပါတယ်။
လက်ရှိကစားသမားတော်တော်များများကတော့ သက်ဆိုင်ရာနိုင်ငံအသင်းတွေနဲ့ပူးပေါင်းနေကြပြီဖြစ်ကာ ကွန်တီက အပြောင်းအရွှေ့အတွက် လုပ်ဆောင်နေပါတယ်။