ကမ္ဘာ့ဖလားအိပ်မက်အဆုံးသတ်သွားချိန်မှာ ငိုကြွေးခဲ့ကြောင်းဖွင့်ဟလာတဲ့ ဒွန်နာရမ်မာ
ပလေးအော့ဖ်အဆင့်မှာ ဘော့စနီးယားနဲ့ ဟာဇီဂိုဗီးနားအသင်းကို ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အီတလီအသင်းဟာ သုံးကြိမ်ဆက်တိုက် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။ အသင်းခေါင်းဆောင် ဂျန်လူဝီဂျီ ဒွန်နာရမ်မာကတော့ အခုလို ရှုံးနိမ့်မှုအတွက် ပရိသတ်တွေဆီ သတင်းစကားပါးလာခဲ့ပါတယ်။
အီတလီအသင်းအတွက် မေ့ပစ်ချင်စရာကောင်းတဲ့ အင်္ဂါနေ့ညမှာ နယူးကာဆယ်ကွင်းလယ်လူ ဆန်ဒရိုတိုနယ်လီ တစ်ဦးတည်းသာ ပင်နယ်တီ ဝင်အောင်ကန်နိုင်ခဲ့ပြီး ဘော့စနီးယားအသင်းကတော့ ပင်နယ်တီ ၄ လုံးစလုံးကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။
အီတလီအသင်းဟာ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားနဲ့ ၂၀၂၂ ကာတာကမ္ဘာ့ဖလားတို့ကိုလည်း ဝင်ခွင့်မရခဲ့တာကြောင့် ကမ္ဘာ့ဖလား ချန်ပီယံဟောင်းအသင်းတွေထဲမှာ သုံးကြိမ်ဆက်တိုက် ပြိုင်ပွဲနဲ့ လွဲချော်တဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။ ပွဲကစားချိန်အတွင်းမှာ ဂိုးသွင်းခွင့်တွေ အသုံးမချနိုင်ခဲ့ဘဲ ပင်နယ်တီ အဆုံးအဖြတ်မှာပါ ထပ်မံရှုံးနိမ့်ခဲ့ရတဲ့ အီတလီအသင်းသားတွေအတွက် တကယ့်ကို စိတ်ပျက်စရာကောင်းတဲ့ ညတစ်ည ဖြစ်ခဲ့ပါတယ်။
ဘော့စနီးယားအသင်းရဲ့ ပင်နယ်တီတစ်လုံးကိုမှ ကာကွယ်နိုင်ခြင်းမရှိခဲ့တဲ့ ဒွန်နာရမ်မာကတော့ အခုလိုရလဒ်ကြောင့် စိတ်မကောင်းဖြစ်နေကြမယ့် ပရိသတ်တွေအတွက် သူ့ရဲ့ခံစားချက်တွေကို ရေးသားခဲ့ပါတယ်။
"မနေ့ညက ပွဲအပြီးမှာ ကျွန်တော် ငိုခဲ့ရပါတယ်" လို့ မန်စီးတီးဂိုးသမားက ရေးသားခဲ့ပါတယ်။ "အီတလီအသင်းကို ထိုက်တန်တဲ့ နေရာတစ်ခုဆီ ခေါ်ဆောင်မသွားနိုင်ခဲ့တဲ့အတွက် စိတ်ပျက်လက်ပျက်နဲ့ ငိုကြွေးခဲ့ရတာပါ။ ကျွန်တော် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားရတဲ့ အီတလီအသင်းသားအားလုံးနဲ့အတူ ကျွန်တော့်ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ ကြီးမားတဲ့ ဝမ်းနည်းမှုတွေကြောင့် ငိုခဲ့ရတာဖြစ်သလို ဒီခံစားချက်ကို ကျွန်တော်တို့ လက်ရွေးစင်အသင်းရဲ့ ပရိသတ်တွေလည်း ခံစားနေရမယ်ဆိုတာ ကျွန်တော် သိပါတယ်။"
"အခုအချိန်မှာ စကားလုံးတွေက သိပ်ပြီး အဓိပ္ပာယ်မရှိတော့ဘူးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရင်ထဲက ခံစားချက်တစ်ခုကိုတော့ ပရိသတ်တွေကို ပြောပြချင်ပါတယ်။ အခုလို ကြီးမားတဲ့ စိတ်ပျက်မှုတွေ ကြုံတွေ့ရပြီးနောက်မှာ ကျွန်တော်တို့တွေ အားတင်းပြီး ရှေ့ဆက်နိုင်ဖို့ ကြိုးစားရပါဦးမယ်။ အဲ့ဒီလိုလုပ်ဖို့အတွက် ခွန်အားတွေ၊ စိတ်အားထက်သန်မှုတွေနဲ့ ယုံကြည်ချက်တွေ အများကြီး လိုအပ်ပါတယ်။ အမြဲတမ်း ယုံကြည်နေဖို့ လိုပါတယ်။ ဘဝဆိုတာ ဘာကိုမှ ချန်မထားဘဲ အစွမ်းကုန် ကြိုးစားတဲ့သူတွေကို ဆုလာဘ်တွေ ပြန်ပေးတတ်တဲ့အတွက် ဒါဟာ ကျွန်တော်တို့ကို ရှေ့ဆက်စေမယ့် အင်အားပဲ ဖြစ်ပါတယ်။"
"အခုကစပြီး ကျွန်တော်တို့ အတူတကွ ပြန်စကြရအောင်။ အီတလီအသင်းကို သူနဲ့ ထိုက်တန်တဲ့နေရာဆီ ပြန်ရောက်အောင် နောက်တစ်ကြိမ် အတူတူ ကြိုးစားကြရအောင်ပါ" လို့ ဆိုခဲ့ပါတယ်။
မန်စီးတီးဂိုးသမား ဒွန်နာရမ်မာဟာ ၂၀၃၀ ခုနှစ်ရောက်ရင် အသက် ၃၁ နှစ်ပဲ ရှိဦးမှာဖြစ်ပြီး အီတလီအသင်းသာ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့မယ်ဆိုရင် နောက်ထပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားခွင့် ရရှိနိုင်ပါသေးတယ်။