The network connection is lost.

Banner Image

ဂါလာတာစာရေးကို အနိုင်ရသည့်ပွဲစဉ်အပြီး ကိုနာတေးအပေါ် စော်ကားမှုတွေကြောင့် လီဗာပူးအသင်း စိတ်ပျက်ခြောက်ခြားနေ

ဂါလာတာစာရေးနဲ့ပွဲစဉ်အပြီး ကိုနာတေးမှာ လူမျိုးရေးခွဲခြားစော်ကားမှုနဲ့ ကြုံတွေ့ခဲ့လို့ လီဗာပူးအသင်းက ထုတ်ပြတ်ချက်တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့၊ ဂါလာတာစာရေးကို ၄-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲစဉ်မှာ ကိုနာတေးပါဝင်ကစားခဲ့ပြီး အသင်းအတွက် Clean Sheet ရရှိအောင် အကောင်းဆုံးစွမ်းဆောင်ပေးခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် လီဗာပူးက ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။

ဒီပွဲစဉ်မှာ ပြင်သစ်လက်ရွေးစင်နောက်ခံလူနဲ့ ဂါလာတာစာရေးတိုက်စစ်မှူး အိုစီမန်တို့အကြား ထိတွေ့မှုတစ်ခုရှိခဲ့ပြီး တိုက်စစ်မှူးမှာ လက်ကောက်ဝတ်ဒဏ်ရာ ရရှိသွားလို့ ပထမပိုင်းပွဲချိန်အပြီး လူစားလဲလှယ်ခဲ့ရပါတယ်။

ဒီဖြစ်ရပ်ပြီးနောက်မှာတော့ ဆိုရှယ်မီဒီယာပေါ်မှာ ကိုနာတေးကို ပစ်မှတ်ထားပြီး လူမျိုးရေးခွဲခြားစော်ကားမှုတွေ အများအပြားရှိလာခဲ့ပါတယ်။ ကိုနာတေးက ဒီစော်ကားမှုတွေကို အသင်းဆီ အစီရင်ခံတင်ပြခဲ့ပြီး လီဗာပူးအသင်းက သောကြာနေ့၊ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ချက်တစ်ခုနဲ့အတူ တုံ့ပြန်လာခဲ့ပါတယ်။

"ကိုနာတေးအပေါ် ဆိုရှယ်မီဒီယာမှတဆင့် ရွံရှာဖွယ်ကောင်းတဲ့ လူမျိုးရေးခွဲခြားစော်ကားမှုတွေ ပြုလုပ်ခဲ့ခြင်းနဲ့ပတ်သက်ပြီး လီဗာပူးအသင်းဘက်က အလွန်တုန်လှုပ်မိသလို စက်ဆုပ်ရွံရှာမိပါတယ်။ ဒီလိုအပြုအမူမျိုးဟာ လုံးဝလက်ခံနိုင်စရာ မရှိပါဘူး။ ဒါက လူသားချင်းစာနာမှုကင်းမဲ့ပြီး သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်သလို မုန်းတီးမှုအပေါ် အခြေခံထားတာလည်း ဖြစ်ပါတယ်။ လူမျိုးရေးခွဲခြားမှုဆိုတာ ဘောလုံးလောကမှာတင်မကဘဲ လူမှုပတ်ဝန်းကျင်နဲ့ အွန်လိုင်း၊ အော့ဖ်လိုင်း ဘယ်နေရာမှာမှ မရှိသင့်ပါဘူး" လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် "ဆိုရှယ်မီဒီယာကုမ္ပဏီတွေဘက်ကလည်း တာဝန်ယူမှုရှိရှိနဲ့ အခုပဲ အရေးယူဆောင်ရွက်ရပါမယ်။ သူတို့မှာ ဒီလိုစော်ကားမှုတွေကို တားဆီးနိုင်တဲ့ စွမ်းအား၊ နည်းပညာနဲ့ အရင်းအမြစ်တွေ ရှိနေပါလျက်နဲ့ မကြာခဏဆိုသလို ပျက်ကွက်နေတတ်ပါတယ်။ လူမျိုးရေးမုန်းတီးမှုတွေကို မတားဆီးဘဲ ပျံ့နှံ့ခွင့်ပေးထားတာဟာ သူတို့ရဲ့ရွေးချယ်မှုတစ်ခုဖြစ်ပြီး ဒါက ကစားသမားတွေ၊ မိသားစုဝင်တွေနဲ့ ဘောလုံးအသိုင်းအဝိုင်းတစ်ခုလုံးကို ဆက်လက်ထိခိုက်နစ်နာစေပါတယ်" လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာလည်း ကိုနာတေးက အတိတ်မှာ ရင်ဆိုင်ခဲ့ရတဲ့ လူမျိုးရေးခွဲခြားမှုတွေနဲ့ ခွဲခြားဆက်ဆံမှုတွေအကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။

သူက "ကျွန်တော် လီဗာပူးဆီပြန်တဲ့အခါ မြန်မြန်ဆန်ဆန်ဖြတ်သန်းသွားလာနိုင်အောင်လို့ Business Class လက်မှတ် ဝယ်ပါတယ်။ ဒါပေမဲ့ ပြင်သစ်နိုင်ငံ၊ ချားလ်ဒီဂေါလေဆိပ်ဆီ ရောက်တဲ့အခါ ဝန်ထမ်းတွေက ကျွန်တော့်လက်မှတ်ကို ကြည့်တောင်မကြည့်ဘဲ ရိုးရိုးတန်း (Economy Class) ဘက်ပဲ သွားခိုင်းပါတယ်။ ဒါ ဘာကို ဆိုလိုတာလဲ။ ကျွန်တော်လို လူမျိုးတစ်ယောက်က Business Class နဲ့ မထိုက်တန်ဘူးလို့ ပြောချင်တာလား" လို့ ထုတ်ဖော်ခဲ့ပါတယ်။