The network connection is lost.

Banner Image

ကမ္ဘာ့ဖလားခရီးစဉ်က အီတလီအတွက် အိပ်မက်ဆိုးဖြစ်ခဲ့တယ်လို့ဆိုလာတဲ့ စပီနာဇိုလာ

 နာပိုလီအသင်းရဲ့ တောင်ပံကစားသမား လီယိုနာဒို စပီနာဇိုလာက အီတလီအသင်းရဲ့ ကမ္ဘာ့ဖလားခရီးစဉ်ဟာ "အိပ်မက်ဆိုး" တစ်ခု ဖြစ်ခဲ့တယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။

အင်္ဂါနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ အင်တာမီလန်နောက်ခံလူ အလက်ဆန်ဒရို ဘက်စတိုနီဟာ ပထမပိုင်းမပြီးခင်မှာပဲ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ အီတလီနဲ့ ဘော့စနီးယားအသင်းတို့ဟာ အချိန်ပိုအထိ တစ်ဂိုးစီသရေကျနေခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာတော့ အိမ်ရှင်အသင်းက ၄-၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာပါ။

ပွဲအပြီးမှာတော့ စပီနာဇိုလာက "ဒါဟာ တကယ့်ကို ခြောက်အိပ်မက်တစ်ခုပါပဲ၊ အမှန်တရားလည်း ဖြစ်ပါတယ်။ ကျွန်တော် နိုင်ငံလက်ရွေးစင်အသင်းမှာ ကစားလာတာ ၉ နှစ်ရှိပြီဖြစ်ပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်ခါမှ မကစားဖူးသေးပါဘူး။ အခုလိုဖြစ်ရပ်က ကျွန်တော်တို့ အသင်းသားတွေတင်မကဘဲ အားလုံးအတွက် တကယ့်ကို စိတ်မကောင်းစရာပါပဲ" လို့ ပြောခဲ့ပါတယ်။

"ဒီနေ့ပွဲမှာ လူအင်အား ၁၀ ယောက်တည်းနဲ့ ဆိုပေမဲ့လည်း... ကျွန်တော်တို့ ဒီထက်ပိုပြီး ကောင်းအောင် ကစားနိုင်ခဲ့သင့်ပါတယ်။ တကယ်ကို အကြီးအကျယ် စိတ်ပျက်မိပါတယ်" လို့လည်း သူက ဆိုပါတယ်။

ဆက်လက်ပြီး သူက "ဘောလုံးပွဲဆိုတာ ဖြစ်ရပ်မျိုးစုံရဲ့ အစီအစဉ်အတိုင်းပါပဲ။ ကျွန်တော်တို့ ဂိုးသွင်းဖို့ အခွင့်အရေး ၃ ကြိမ်လောက် ရခဲ့ပေမဲ့ အခုချိန်မှာ ဒါတွေ ပြန်ပြောနေလို့လည်း အပိုပါပဲ။ ဒါဟာ တကယ့်ကို စိတ်ပျက်စရာပါ။ အသင်းဖော်တွေ ငိုနေတာကို မြင်ရတာ တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်။ ဒီကျိန်စာက အခုပဲ အဆုံးသတ်သွားပြီး သူတို့တွေ နောက်ထပ် ကမ္ဘာ့ဖလားပွဲမှာ ကစားခွင့်ရဖို့ မျှော်လင့်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

နည်းပြ ရီနို ဂတ်တူဆိုနဲ့ ပတ်သက်ပြီးတော့လည်း စပီနာဇိုလာက "နည်းပြက တကယ်ကို အံ့အားသင့်စရာကောင်းလောက်အောင် တော်ပါတယ်။ နည်းပြတစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေ သူ့မှာ အကုန်ရှိပြီး သူ့ကို အသစ်လဲဖို့ လိုအပ်မယ်လို့ ကျွန်တော် မထင်ပါဘူး" ဆိုပြီး နိဂုံးချုပ် ပြောဆိုခဲ့ပါတယ်။