လူကာကူနဲ့ နာပိုလီအသင်းအကြား တင်းမာမှုတွေကို အလွန်ထူးဆန်းလွန်းတဲ့အခြေအနေလို့ သုံးသပ်လိုက်တဲ့ အင်တာမီလန်ကြယ်ပွင့်ဟောင်း
အင်တာမီလန်နောက်ခံလူဟောင်းရာနော့ကီးယားက လူကာကူနဲ့ နာပိုလီအသင်းအကြား တင်းမာမှုတွေကို “အလွန်ထူးဆန်းတဲ့ အခြေအနေ” လို့ ပြောဆိုလိုက်ပြီး နားလည်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ဘယ်လ်ဂျီယံ တိုက်စစ်မှူးဟာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ ဘယ်လ်ဂျီယံတိုက်စစ်မှူးအတွက် စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားမှုတွေ ရှိနေနိုင်တယ်လို့ သူက သုံးသပ်ခဲ့ပါတယ်။
မတ်လနိုင်ငံတကာသီတင်းပတ်အတွင်း လက်ရွေးစင်အသင်းမှထွက်ခွာလာတဲ့ လူကာကူက အီတလီကို ပြန်မလာဘဲ အန့်ဝပ်မြို့ရှိအထူးကုဆေးခန်းမှာ ဒဏ်ရာကုသဖို့ ရွေးချယ်ခဲ့ရာမှတဆင့် တင်းမာမှုတွေ စတင်ခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်ကြောင့် နာပိုလီနဲ့ ကစားသမားအကြား ဆက်ဆံရေးတင်းမာသွားခဲ့ပြီး အသင်းဘက်က စည်းကမ်းပိုင်းအရ အရေးယူဖို့အထိ စဉ်းစားနေကြပါတယ်။
Radio Kiss Kiss နဲ့ အင်တာဗျူးမှာ ရာနော့ကီးယားက “တကယ့်ကို ထူးဆန်းတဲ့ သတင်းပါပဲ။ အခုတော့ ကျွန်တော်လည်း သေချာမသိသေးပါဘူး၊ သူက နည်းနည်း ရှင်းပြထားတာရှိလို့ အကြောင်းပြချက်အမျိုးမျိုးကိုတော့ နားလည်ပေးဖို့ လိုပါတယ်။ လူကာကူက အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်သလို သူကိုယ်တိုင်လည်း အမြဲတမ်း အရေးပါတယ်လို့ ခံစားမိခဲ့ပါတယ်။ ကာလရှည် ဒဏ်ရာရခဲ့ပြီးနောက်ပိုင်းမှာ စိတ်ပိုင်းဆိုင်ရာအရ နည်းနည်း ထိခိုက်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။