The network connection is lost.

Banner Image

အီတလီအတွက် အိပ်မက်ဆိုးပါပဲလို့ ထုတ်ပြောလာတဲ့ စပင်နက်ဇ်ဇိုလာ

နာပိုလီတောင်ပံခံစစ်ကစားသမားစပင်နက်ဇ်ဇိုလာက အီတလီအသင်းရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲခရီးစဉ်ကို "အိပ်မက်ဆိုးတစ်ခု" လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။

ဘော့စနီးယားမြေမှာကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲပလေးအော့ဖ်(Playoff)ပွဲစဉ်မှာ ပထမပိုင်းပွဲချိန်မပြီးခင် အင်တာမီလန်နောက်ခံလူ ဘတ်စ်တိုနီ အနီကတ်ပြစ်ဒဏ်ဖြင့် ထွက်ခွာသွားရပြီး အိမ်ရှင်တွေနဲ့ ဧည့်သည်တွေအကြား တစ်ဖက်တစ်ဂိုးစီသရေရလဒ်နဲ့အတူ အနိုင်အရှုံးအတွက် ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ကြပါတယ်။ ပယ်နယ်တီအဆုံးအဖြတ်မှာတော့ ဘော့စနီးယားက အီတလီကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိပြီး ကမ္ဘာဖလားခြေစစ်ပွဲအောင်မြင်သွားခဲ့ပါတယ်။

ပွဲစဉ်အပြီး စပင်နက်ဇ်ဇိုလာက "ဒါ အိပ်မက်ဆိုးပါပဲ၊ တကယ့်အမှန်တရားပါ။ ကျွန်တော် နိုင်ငံလက်ရွေးစင်အသင်းမှာ ရှိနေတာ ၉ နှစ်တောင် ရှိပါပြီ၊ ဒါပေမဲ့ အခုအချိန်အထိ ကမ္ဘာ့ဖလားတစ်ပွဲမှ မကစားရသေးပါဘူး။ ဒါက အားလုံးအတွက်ရော၊ အသင်းမှာရှိတဲ့ ကျွန်တော်တို့ အစုအဖွဲ့အတွက်ပါ တကယ့်ကို ဆိုးရွားတဲ့ ခံစားချက်ပါပဲ" လို့ ပြောကြားခဲ့ပါတယ်။

"ဒီနေ့ပွဲမှာ ကစားသမား ၁၀ ဦးတည်းဖြစ်နေရင်တောင်... ကျွန်တော်တို့ ဒီထက်အများကြီးပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်ပါတယ်။ တကယ့်ကို ကြီးမားတဲ့ စိတ်ပျက်မှုပါပဲ" လို့လည်း သူက ဆိုပါတယ်။

ဒါ့အပြင် ၎င်းက "ဘောလုံးဆိုတာ ဖြစ်ရပ်လေးတွေရဲ့ အဆက်အစပ်ပါပဲ။ ကျွန်တော်တို့မှာ ဂိုးသွင်းဖို့ အခွင့်အရေး ၃ ကြိမ်လောက် ရခဲ့ပေမဲ့ အခုတော့ ဒါတွေကို ပြန်ပြောနေလို့လည်း အပိုပါပဲ။ တကယ့်ကို စိတ်ပျက်စရာကောင်းပါတယ်။ ကောင်လေးတွေ ငိုနေတာကို မြင်ရတာ တကယ်စိတ်မကောင်းဖြစ်ရပါတယ်။ အခုနဲ့တင် ဒီကျိန်စာကြီး အဆုံးသတ်သွားပြီး နောက်လာမယ့် ကမ္ဘာ့ဖလားမှာ သူတို့တွေ ကစားခွင့်ရနိုင်ဖို့ပဲ မျှော်လင့်ပါတယ်" လို့ ဆက်ပြောပါတယ်။

နည်းပြဂတ်တူဆိုနဲ့ ပတ်သက်ပြီးတော့လည်း "နည်းပြက တကယ့်ကို အံ့အားသင့်စရာကောင်းအောင် တော်ပါတယ်။ နည်းပြတစ်ဦးမှာ ရှိသင့်တဲ့ အရည်အချင်းတွေ အကုန်လုံး သူ့ဆီမှာ ကျွန်တော် မြင်တွေ့ခဲ့ရတယ်။ ဒါကြောင့် သူ့ကို အပြောင်းအလဲလုပ်ဖို့ မလိုဘူးလို့ပဲ ထင်ပါတယ်" လို့ စပင်နက်ဇ်ဇိုလာက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။