
လီဗာပူးရဲ့ပါရမီရှင်ကစားသမားကို ကာကွယ်ပြောဆိုပေးခဲ့တဲ့ ယာဂန်ကလော့ပ်
လတ်တလော၊ လီဗာပူးအသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပြီးနောက် ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ ဖလော်ရီယန်ဝစ်ဇ်ကို ယာဂန်ကလော့ပ်က ထောက်ခံအားပေးခဲ့ပါတယ်။ လီဗာပူးနည်းပြဟောင်းယာဂန်ကလော့ပ်က ဖလော်ရီယန်ဝစ်ဇ်ကို ကြိုးကြာနီတွေနဲ့အတူ အကောင်းဆုံးပုံစံ ပြန်လည်ရရှိလာလိမ့်မယ်လို့ ထောက်ခံအားပေးရင်း “ရာစုနှစ်တစ်ခုအတွင်း တစ်ကြိမ်သာပေါ်ထွန်းနိုင်တဲ့ ပါရမီရှင်ကစားသမား”လို့ ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
ဖလော်ရီယန်ဝစ်ဇ်က အခုနှစ်၊ ဇွန်လအတွင်း လေဗာကူဆင်မှ လီဗာပူးဆီ ပေါင် ၁၁၆ သန်းတန် စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့ပါတယ်။ သူက ခရစ္စတယ်ပဲလေ့စ်နဲ့ရင်ဆိုင်ရတဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ ဟူဂိုအီကီတီကီရဲ့သွင်းဂိုးကို ဖန်တီးပေးခဲ့ပြီးနောက် အန်းစလော့ရဲ့အသင်းအတွက် ဂိုးပါဝင်ပတ်သက်မှုပြုလုပ်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။
ဖလော်ရီယန်ဝစ်ဇ်က အခုရာသီ၊ လီဗာပူးအသင်းအတွက် ပြိုင်ပွဲစုံမှာ အခွင့်အလမ်းဖန်တီးမှု ၂၂ ကြိမ်အထိ ပြုလုပ်ထားနိုင်သလို ပြိုင်ဘက်အသင်းဂိုးပေါက်ဆီလည်း ၁၃ ကြိမ်တိတိ ကန်သွင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူက အခုအချိန်အထိ သွင်းဂိုးရော၊ ဂိုးဖန်တီးမှုပါ မရရှိသေးပါဘူး။ ဒါကြောင့်ပဲ ဖလော်ရီယန်ဝစ်ဇ်ရဲ့ခြေစွမ်းပိုင်းက ဗြိတိန်မီဒီယာတွေရဲ့စိစစ်ဝေဖန်မှုအောက် ရောက်ရှိသွားခဲ့ပြီး အနာဂတ်မရေမရာမှုနဲ့ ရင်ဆိုင်လာရပါတယ်။
ဒါပေမဲ့ ယာဂန်ကလော့ပ်ကတော့ အသက်-၂၂ နှစ်အရွယ်ကစားသမားကို ကာကွယ်ပေးခဲ့ပြီး ပြိုင်ပွဲစုံ ဂိုးပါဝင်ပတ်သက်မှု ၃၀ ကြိမ်အထိ ပြုလုပ်နိုင်တဲ့ ဖလော်ရီယန်ဝစ်ဇ်ရဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီခြေစွမ်းကို လီဗာပူးမှာ ပြန်မြင်တွေ့ရလိမ့်မယ်လို့ ရှင်းပြသွားခဲ့ပါတယ်။
Sport.de နဲ့တွေ့ဆုံချိန် ယာဂန်ကလော့ပ်က “ ဖလော်ရီယန်ဝစ်ဇ်ရဲ့အရည်အသွေးပိုင်းက အလွန်ထူးခြားပါတယ်။ သူနဲ့ပတ်သက်လို့ လတ်တလောပြောဆိုနေကြပုံတွေက နည်းနည်းတော့ ချဲ့ကားလွန်းပါတယ်။ လီဗာပူးက မကြုံစဖူးသုံးပွဲဆက်ရှုံးနိမ့်ခဲ့ရုံ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘဝမှာတော့ ဒီလိုအခြေအနေတွေဆိုတာ သာမန်လောက်သာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီလိုကိစ္စတွေကို ဒီနေရာမှာ ဆွေးနွေးနေရတာပါ။
အခုတော့ ကျွန်တော်ကိုယ်တိုင်လည်း ဒီဆွေးနွေးမှုတွေအကြောင်းကို လုံလုံလောက်လောက်ကြားခဲ့ရပြီးပါပြီ။ ပြောရမယ်ဆိုရင် လူထုစိတ်ဝင်စားမှုရှိတဲ့သူထက် လူထုရဲ့စိတ်ဝင်စားမှုမရရှိသူဆီမှာ ဘယ်အရာမှမရှိနိုင်ပါဘူး။ ဖလော်ရီယန်ဝစ်ဇ်ဆိုတာ ရာစုနှစ်တစ်ခုအတွင်း တစ်ကြိမ်သာပေါ်ထွန်းနိုင်တဲ့ ပါရမီရှင်ကစားသမား ဖြစ်ပါတယ်။ တစ်ချိန်ချိန်မှာတော့ လေဗာကူဆင်မှာလိုပဲ သူက သူ့ရဲ့စွမ်းဆောင်ရည်ကို ပွဲစဉ်တိုင်းမှာ ပြသသွားပါလိမ့်မယ်”လို့ ဆိုပါတယ်။