အူလီဟိုးနက်စ်ရဲ့ဝေဖန်မှုကို ပြန်လည်တုံ့ပြန်လိုက်တဲ့ ယာဂန်ကလော့ပ်
ယူဂန်ကလော့ပ်က သူ့ရဲ့ လက်ရှိရာထူးနဲ့ပတ်သက်လို့ အူလီဟိုးနက်စ်ရဲ့မှတ်ချက်ပေးပြောဆိုမှုတွေအပေါ် ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်ဂုဏ်ထူးဆောင်ဥက္ကဋ္ဌအူလီဟိုးနက်စ်က Bild နဲ့ပြုလုပ်ခဲ့တဲ့ လတ်တလောအင်တာဗျူးတစ်ခုမှာ ယူဂန်ကလော့ပ်ရဲ့ Red Bull ဘောလုံးဌာနအကြီးအကဲ (Head of Soccer) ရာထူးနဲ့ပတ်သက်လို့ သူ့ရဲ့အမြင်ကို ပြောကြားခဲ့ပါတယ်။ ဒေါ့မွန်နဲ့ လီဗာပူးလ်နည်းပြဟောင်းအတွက် ဒီရာထူးက သင့်တော်တဲ့နေရာ မဟုတ်ဘူးလို့ ဘိုင်ယန်မြူးနစ်အကြီးအကဲက ယုံကြည်နေပါတယ်။
"ကျွန်တော့်အတွက်တော့ ဒါက သူနဲ့ကိုက်ညီတဲ့ရာထူး မဟုတ်ဘူး။ ယာဂန်ကလော့ပ်ဆိုတာ ဘောလုံးကွင်းထဲမှာပဲ ရှိနေသင့်တာပါ။ သူက ကမ္ဘာပတ်ပြီး ဟောပြောပွဲတွေ လိုက်လုပ်နေရမယ့်သူမျိုး မဟုတ်ဘူး" လို့ ဟိုးနက်စ်က ဆိုပါတယ်။
"သူ့ရဲ့အကြီးမားဆုံးအားသာချက်က လူမှုဆက်ဆံရေးစွမ်းရည်နဲ့ ကစားသမားတွေကို ဘယ်လိုမျိုး စိတ်ဓာတ်တက်ကြွအောင် လုပ်ပေးနိုင်မလဲဆိုတာပါပဲ။ ဒါပေမဲ့ ခင်ဗျားက ဆဲလ်ဘတ်ဆီပြန်ရောက်နေပြီး အဲဒီမှတစ်ဆင့် ဘရာဇီးကို လေယာဉ်နဲ့သွားနေရချိန် လိုက်ပ်ဇစ်အသင်းအရေးကိစ္စတွေကို ဘယ်လိုမျိုး တွန်းအားပေးနိုင်မှာလဲ?" လို့လည်း ၎င်းက မေးခွန်းထုတ်ခဲ့ပါတယ်။
အခုအခါမှာတော့ ကလော့ပ်က အဲဒီဝေဖန်မှုကို ပြန်လည်တုံ့ပြန်ခဲ့ပြီး အူလီဟိုးနက်စ်နဲ့အမြင်ကို သဘောမတူဘူးလို့ Bild ဆီ ပြောကြားခဲ့ပါတယ်။
"ကျွန်တော်က အူလီဟိုးနက်စ်ကို အမြဲတမ်းလေးစားသလို သူ့ရဲ့အမြင်ကိုလည်း ပိုပြီးတော့တောင် အလေးအနက်ထားပါတယ်။ ဒါပေမဲ့ သူ့အမြင်က ကျွန်တော့်အမြင်နဲ့ အမြဲတမ်းတူညီနေဖို့ မလိုပါဘူး။ အခုကိစ္စမှာလည်း ကျွန်တော့်ရဲ့အမြင် အနည်းငယ်လေးကွဲပြားပါတယ်..." လို့ ကလော့ပ်က ပြောပါတယ်။